အပစ်ရပ်နယ်မြေထဲက အကူအညီပေးရေးဝန်ထမ်းတဦး ပစ်ခတ်ခံရပြီး သေဆုံး

ဓာတ်ပုံ မူပိုင် Kawthoolei Today
Image caption အစိုးရစစ်တပ်နဲ့ ကေအန်ယူ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ

မူတြော် ဖာပွန် ခရိုင်ဒေသ အရေးပေါ် ကူညီထောက်ပံ့ပေးရေး အဖွဲ့မှ စောအိုမူးဟာ ဖားပွန်ခရိုင်အတွင်းက လယ်မူပလော ဒေသကိုသွားရောက် အကူအညီပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင် ပြီးရွာအပြန်မှာ အစိုးရ စစ်တပ်ရဲ့ ပစ်ခတ်မှုကို ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဖာပွန်ခရိုင် အရေးပေါ် ကူညီထောက်ကူပေးရေးအဖွဲ့ MEAT က ဧပြီလ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၅ ရက်နေ့က လယ်မူပလောဒေသကို ပြန်အလာမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တာလို့ သတင်းထုတ်ပြန်ထားသလို သူဟာ ဌာနေ ကရင်အသိုင်းအဝိုင်းနဲ့ လူထုခေါင်းဆောင်တဦး မြေယာနဲ့ သစ်တောစီမံခန့်ခွဲမှုတွေ ပါဝင်လုပ်ဆောင်နေတဲ့ သူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ပျောက်ဆုံးနေတာ ၃ ရက်လောက်ရှိပြီလို့ ကရင်လူမှု့အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

ဖာပွန်ဒေသမှာ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်နဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး တပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လတ်တလောကာလအတွင်း မိုးရွာတာကြောင့် နေထိုင်ဖို့ အမိုးအကာတွေ အကူအညီလိုအပ်နေတဲ့ အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက အဲဒီဒေသကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ရွာပုန်းရွာရှောင်တွေကို ကူညီပြီး ပြန်အလာ လယ်မူပလော ရွာအဝင်မှာ ပစ်သတ်ခံရတာပါ အစိုးရစစ်တပ်က ပစ်သတ်တာ သူက လယ်မူပလောရွာဒေသခံဖြစ်တယ် လို့ မူတြော်ဖာပွန် ခရိုင် ဒေသ အရေးပေါ် အကူညီပေးရေးအဖွဲ့မှ ပဒို မန်းမန်းက ဘီဘီစီကို ပြောပါတယ်။