၂၀၁၂ ရခိုင်အရေးအခင်းမှာ အိုးအိမ်မဲ့ဖြစ်သွားသူတွေကို နေရာချပေးဖို့ ပြင်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၂ ဇွန်လတုန်းက စစ်တွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ်

၂၀၁၂ ခုနှစ် ကတည်းက ရှိခဲ့တဲ့ ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDPစခန်းမှာ အိမ်ထောင်စု(၈၅)စု၊ လူဦးရေ (၅၈၁) ဦးရှိပြီး မွတ်ဆလင် ဒုက္ခသည်တွေ နေထိုင်လျက် ရှိတာ ဖြစ်ပါတယ်။

အခုအခါ အဲဒီ နဒင် ကျေးရွာ အ၀င် မြေလေးဧက ရှိတဲ့ နေရာမှာ ပေလေးဆယ် မြေကွက်တွေပေါ်မှာ ဆယ့်ရှစ်ပေ ၊ နှစ်ဆယ့်လေးပေ ခြေတံမြင့် လုံးချင်း အိမ်တွေ ဆောက်ထားဖို့ ပြင်နေတယ်လို့ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် က ပြောပါတယ်။

အဲဒီ ဒုက္ခသည်တွေဟာ အရင်က ကျောက်တော်မြို့ပေါ်က ဖြစ်ပြီး နေအိမ်တွေ မီးရှို့ ဖျက်ဆီး ခံရလို့ ဒုက္ခသည် စခန်းကို ရောက်နေတာ ဖြစ်ကြောင်းနဲ့ အခု နေရာချထားပေးမယ့် ကိစ္စကို ဒုက္ခသည်တွေ ကိုယ်တိုင်က လိုလိုလားလားနဲ့ နိဒင် ကျေးရွာနားမှာဘဲ အိမ်ဆောက်ပေးပါ ၊ အဲဒီဘဲ နေထိုင်ချင်တဲ့ အနေအထားမျိုးနဲ့မို့ စီစဉ်ရတာ ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးစိုးအောင် က ဆိုပါတယ်။

အရင် သူတို့ နေခဲ့တဲ့ နေရာတွေမှာတော့ ဘယ်သူ့ကိုမှ မထားဘူးလို့ ပြောပါတယ်။

Image caption ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့်သူတွေကို လက်ခံမယ့် စခန်း

အိမ်ယာ ဆောက်လုပ်မှုတွေနဲ့ ပတ်သက်လို့ မြေကွက် ရိုက်နေပြီး အိမ်နေရာ ချထားဖို့ အတွင်းလမ်းဖောက်ထားဖို့ ၊ အပြင် လမ်းရာထားတာတို့ အတွက် အကွက်ချနေကာ အမြန်ပြီးအောင် ဆောင်ရွက်နေပြီလို့ ဦးစိုးအောင် က ရှင်းပြပါတယ်။

ဒါ့အပြင် အဲဒီ ဒုက္ခသည်တွေ အနေနဲ့ တခြား အဲဒီ ပတ်၀န်းကျင်က လူတွေလို တောင်ယာနဲ့ အသက်မွေးမှုတွေ မကျွမ်းကျင်တဲ့ အတွက် သူတို့ရဲ့ အသက်မွေးမှုတွေ အတွက်ပါ စီစဉ်ပေးခဲ့ရာမှာ နောက် သုံးလေးလ ဆိုရင် ပြီးစီးမယ့် အနေအထား ရှိတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDPစခန်း ဖျက်သိမ်းရေး နှင့် ပြန်လည်နေရာချထားရေး ကိစ္စတွေ ကို တာဝန်ရှိသူတွေ အပြင် စခန်းတွင်းနေထိုင်သူတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက လည်း ထုတ်ပြန် ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တို့ဟာ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နဲ့ တာဝန်ရှိသူများတွေနဲ့ အတူ ဧပြီ ၅ရက် မွန်းလွဲပိုင်းမှာ ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ ဒုက္ခသည် စခန်းကို ရောက်ရှိလာပြီး စခန်းစီမံခန့်ခွဲမှုကော်မတီဝင်တွေ၊ နိဒင်ကျေးရွာ တာဝန်ခံတွေ၊ စခန်း နေထိုင်သူတွေ နှင့်တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ဒုက္ခသည် စခန်းတွေကို ဖျက်သိမ်းပြီး ကျေးရွာနှင့် တဆက်စပ် တည်း ပြန်လည် နေရာချထားရေး အစီအစဉ်တွေ၊ အခြေခံပညာကျောင်း တွေမှာ ဆရာ၊ ဆရာမ တွေ ခန့်ထားပေးရေး၊ အခြေခံပညာ အထက် တန်းအောင်မြင်ပြီး သူများ အဆင့်မြင့် ပညာများ ဆက်လက် သင်ကြားနိုင်ရေး၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ရွာတွင် တိုက်နယ် ဆေးရုံ တစ်ခုချထားပေးရေး၊ အသက်မွေးဝမ်း ကျောင်း သင်တန်းများ ဖွင့်လှစ် ပေးရေး ကိစ္စရပ်တွေနဲ့ NVC ကဒ် လျှောက်ထား ကိုင်ဆောင်ရေး ကိစ္စရပ်တွေကို ရှင်းလင်း ပြောကြား ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်တွေ မြို့နယ်ရှိ ခေါင်းဒုက္ကာ(၁) နှင့် (၂) စခန်းတွေ ပိတ်ဖို့ကိုလည်း ဆွေးနွေးဆဲ ဖြစ်ပြီး အဲဒီက ဒုက္ခသည်တွေ အတွက်တော့ စစ်တွေမှာက မြေနေရာ ရှားတာမို့ နိဒင်မှာလို လုံးချင်း အိမ်ယာတွေ ဖြစ်ချင်မှ ဖြစ်လိမ့်မယ် ၊ ထပ်မြင့် သုံးထပ် လေးထပ် အိမ်ယာတွေ စီစဉ်ပေးဖို့ ရှိတယ်လို့ ဒုတိယဝန်ကြီးဦးစိုးအောင် က ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည် ဖော်ဆောင်ရေး ကော်မတီ ဟာ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းနိုင်ရေးကို ဦးစား ပေးအဖြစ် ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့ ရှိ သက္ကယ်ပြင်စခန်း၊ မြေပုံမြို့ရှိ တောင်ပေါ် စခန်း၊ ကျောက်တော်မြို့ရှိ နိဒင်စခန်းများအား ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက် ရှိနေတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ