ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧရာဝတီတိုင်းက ငြိမ်းချမ်းရေး စကားဝိုင်း

ဓာတ်ပုံ မူပိုင် MOI
Image caption ဧရာဝတီတိုင်း ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေး

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဧပြီလ ၁ဝရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဟာ ခုလောလောဆယ်မှာ အေးချမ်းနေပေမယ့် အရင်က လက်နက်ကိုင် ပဋိပက္ခ ဖြစ်ခဲ့တဲ့ နေရာဖြစ်တာမို့ အဲဒီက ဒေသခံတွေရဲ့ ငြိမ်းချမ်းရေး အမြင်ကို သိလိုတဲ့အတွက် အခုလို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဟာ ယှဉ်တွဲနေပြီး ငြိမ်းချမ်းရေး မရှိရင် ဖွံ့ဖြိုး တိုးတက်မှု ရှိမှာ မဟုတ်သလို ပြည်သူလူထုရဲ့ ဆင်းရဲ မွဲတေမှုဟာလည်း ငြိမ်းချမ်းရေး ပျက်စီးရတဲ့ အကြောင်းရင်း ဖြစ်တယ်လို့ ပြောသွားပါတယ်။

ငြိမ်းချမ်းရေးတန်ဖိုး သိအောင်လုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အပစ်အခတ် ရပ်ရေး အရင်လုပ်ဖို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် တိုက်တွန်း

စကားဝိုင်း ဆွေးနွေးမှုမှာ ပါဝင် ဆွေးနွေးခဲ့သူ ၈ဦးထဲက ဒေါ်နမ့်ရီစိုင်းနာက ငြိမ်းချမ်းမှု မရှိလို့ ပညာ မသင်ယူနိုင်ဘဲ စားဝတ်နေရေးအတွက် အသက်ငယ်ငယ်နဲ့ လုပ်ကိုင်နေရတဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

တခါအစိုးရ ဆေးရုံတွေမှာ ဆေးတွေ အလွယ်တကူ မရရှိတဲ့အကြောင်း တင်ပြ ဆွေးနွေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကို ခေါ်ယူ မေးမြန်းခဲ့ရာမှာ ဒေါက်တာ မြင့်ထွေးက ဆေးရုံတွေမှာ ဆေးတွေ ပိုလျှံနေတယ်လို့ တုံ့ပြန် ပြောခဲ့ပါတယ်။

ဒါ့အပြင် မြောင်းမြမြို့ ဒေသတွင်းက ရေကျော် ကျေးရွာမှာ ၂၀၁၆ ခုနှစ် အတွင်းကတည်းက ဆောက်လုပ်နေတဲ့ ကျောင်းတကျောင်း ၂နှစ် ကြာမြင့်နေပြီ ဖြစ်ပေမယ့် မပြီးစီးသေးကြောင်း တင်ပြလာမှုနဲ့ ပတ်သက်လို့လည်း တိုင်းပညာရေး ဝန်ကြီးကို ချက်ချင်း ခေါ်ယူ မေးမြန်းပေးခဲ့ပါတယ်။

ကျောင်းဆောက်နေမှုက ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းနဲ့ ရာခိုင်နှုန်းပြည့် ဆောက်လုပ်မှု ပြီးစီးအောင် ကျောင်း ဆောက်လုပ်ခွင့် ရတဲ့ ကုမ္ပဏီကို တိုက်တွန်းထားတယ်လို့ တိုင်းပညာရေး ဝန်ကြီးက ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျိုးကျသွားတဲ့ မြောင်းမြ တံတားကိုလည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုခဲ့ပြီး ဆောက်လုပ်နေဆဲ မြောင်းမြ တံတားအသစ်ကို တစ်နှစ်အတွင်း ပြန်တည်ဆောက်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ