အင်းဒင် လူသတ်မှုမှာ ပါတဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ်ချ

ဓာတ်ပုံ မူပိုင် Reuters

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ တွေ့ရှိရတာကြောင့် တပ်မတော် အရာရှိနဲ့ စစ်သည် ၇ ဦးတို့ကို ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။

ပြစ်မှုကျူးလွန်တဲ့ အရာရှိ ၄ ဦးနဲ့ အခြားအဆင့်စစ်သည် ၃ ဦးတို့ကို တပ်မတော် ကနေ အမြဲတမ်း ထုတ်ပစ်ပြီး နယ်ဘက် အကျဉ်းထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ကျခံစေဖို့ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန် ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အင်းဒင်ရွာက အပျက်အစီးများ

အင်းဒင်ကျေးရွာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့က တပ်မတော်မှ အရာရှိ၊ စစ်သည် ၂၁ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးနဲ့ အင်းဒင်ရွာသား ၆တွေကို အသေးစိတ် စစ်ဆေး မေးမြန်းခဲ့ရာမှာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကိုတော့ သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေနဲ့ အညီအရေးယူဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလက အင်းဒင်ရွာမှာ ၁၀ လောင်းပြိုင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။