ရိုဟင်ဂျာနဲ့တိုင်းရင်းသားလက်နက်ကိုင် သတင်းမှာ အမုန်းတရားပွားစေတဲ့ မှတ်ချက် အများဆုံးတွေ့

ဓာတ်ပုံ မူပိုင် Reuters

သတင်းမီဒီယာတွေမှာ ရိုဟင်ဂျာ၊ မွတ်စလင်၊ တိုင်းရင်းသား လက်နက်ကိုင် အကြောင်း ရေးသားထားတဲ့ သတင်းတွေအောက်မှာ အမုန်းတရားပွားစေနိုင်တဲ့ မှတ်ချက်တွေကို တွေ့ရတယ်လို့ Burma Monitor လူမှုကွန်ရက်စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဒီလိုအရေးအသားတွေ တွေ့ရင် Facebookကို သတင်းပို့ခဲ့ပေမယ့် Facebook ဘက်က အရေးယူ ဆောင်ရွက်မှုကတော့ ၄၈ နာရီ လောက် ကြာတယ်လို့ Burma Monitor အဖွဲ့ရဲ့ စီမံကိန်း မန်နေဂျာ ကိုမြတ်သူက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း အမုန်းတရားနဲ့ပတ်သက်ပြီး Facbookကို သတင်းပေးပို့ခဲ့ပေမယ့် Postတိုင်းကို Facebookဘက်က ဖြုတ်ချ သွားတာတော့မရှိသလို တခါတရံမှာ မူရင်း Postကို ဖျက်ချခဲ့ပေမယ့် ဒီPostကို ကူးယူပြီး ဖြန့်ချီနေတဲ့ Postတွေကတော့ မပျောက်ဘူးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images

Facebook အမှုဆောင် အရာရှိချုပ် မတ်ခ့် ဇတ်ကာဘတ်ဂ်က ဟာ Facebook အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့လို့ အမေရိကန်ပြည်ထောင်စု အထက် လွှတ်တော်မှာ ဒုတိယအကြိမ်အဖြစ် ဒီကနေ့ ထပ်မံ ကြားနာစစ်ဆေးခံခဲ့ပါ တယ်။

မနေ့က ကြားနာစစ်ဆေးပွဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်စဉ်မှာ Facebookရဲ့ အခန်းကဏ္ဍကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးတဲ့သူတွေက ပြစ်တင်ခဲ့သလို Facebook ပေါ်က အမုန်းတရား ဖြန့်ချီနေတဲ့ ကိစ္စကိုလည်း အမေရိကန် လွှတ်တော် အမတ်တွေက မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီကိစ္စကို အလေးအနက်ထားဆောင်ရွက်နေသလို မြန်မာစကားတတ်ကျွမ်းတဲ့ ဝန်ထမ်းတွေကို ငှားရမ်းနေတယ်လို့ မစ္စတာ ဇတ်ကာဘတ်ဂ်က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဒါအပြင် အမုန်းတရားဖြန့်နေတဲ့သူဟာ ဘယ်သူလဲဆိုတာ သိဖို့ မြန်မာ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေသလို တင်လာတဲ့ Account တခုလုံးကို ပိတ်နိုင်ဖို့နဲ့ ဒီကိစ္စတွေ ဟန့်တားနိုင်ဖို့ နည်းပညာပိုင်း ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ မစ္စတာ ဇတ်ကာဘတ်ဂ်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ