အရေးပေါ်သဘာဝဘေး ခိုလှုံစရာတွေထပ်ဆောက်မယ်

ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption ပြီးခဲ့တဲ့နှစ်ဇွန်လက ရခိုင်ပြည်နယ်မှာ မိုးကြီးလို့ တချို့နေရာတွေ ရေကြီး

မြန်မာ နိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ကြုံလာရင် လူတွေ လာရောက် ခိုလှုံ နိုင်ဖို့ အဆောက်အဦး ထောင်နဲ့ ချီ ဆောက်လုပ် ခဲ့ပြီး ဖြစ်ပေမယ့် နောက်ထပ် အတော်များများ ဆောက်လုပ်မယ်လို့ လူမှုဝန် ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာန က ပြောပါတယ်။

ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ ခိုလှုံဖို့ အဆောက်အဦး စုစုပေါင်း ၈၇ လုံး ဆောက်လုပ်ဖို့ စီစဉ်ထားပြီး ဧရာဝတီတိုင်းမှာ ၅၇ လုံး၊ ရခိုင်မှာ ၂၆ လုံး၊ ချင်းပြည်နယ်မှာ ၃ လုံးနဲ့ ရှမ်းပြည်နယ်မှာ ၁ လုံး ထပ်ဆောက်မယ်လို့ အဲဒီဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။

အရင်က ဆောက်ခဲ့တဲ့ အဆောက်အဦး တွေက ထုထည်ကြီးမားပြီး ကုန်ကျစရိတ်လည်း များတဲ့ အပြင် အဲဒီကို လာခိုလှုံဖို့ ကျေးရွာတွေကနေ အတော် လာကြရသေးတာ ဖြစ်လို့ အခုတော့ ကျေးရွာအလိုက် ဘေးဒဏ် ကျရောက်နိုင်တဲ့ အနေအထားကို မူတည်ပြီး တည်ဆောက်မယ်လို့ သူက ပြောပါတယ်။

ရေကြီးတဲ့ဒဏ်၊ လေဒဏ်မိုးဒဏ် ခံနိုင်မယ့် အဲဒီ အဆောက်အဦး တွေမှာ သဘာဝ ဘေးဒဏ် ကျရောက်ချိန်မှာ ရွာသူရွာသားတွေ ခိုလှုံနိုင်ပြီး ကျန်တဲ့ အချိန်တွေမှာ စာသင်ကျောင်း အဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဦးစီးဌာန အနေနဲ့ အန္တရာယ် မကျခင် ကြိုတင်ပြင်ဆင်မှုကို အလေးပေး ဆောင်ရွက်နေရာမှာ ဒေသခံတွေကိုယ်တိုင် ပါဝင် ဇာတ်တိုက် လေ့ကျင့်မှုတွေ လုပ်ပေးနေတဲ့ အပြင် အသိပညာ ပေးတာတွေ လုပ်နေတယ်လို့ ဒုတိယ ဝန်ကြီးက ပြောပါတယ်။

မြို့နယ်နဲ့ ခရိုင် အလိုက် တစ်နှစ်ကို အနည်းဆုံး ငါးကြိမ် လေ့ကျင့်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ