မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို လုံခြုံရေးကောင်စီအဖွဲ့ လာမယ်

Image caption အဖွဲ့ဝင် ၁၅ နိုင်ငံက သံအမတ်တွေ အားလုံး လာကြမယ်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ အခုလ အတွင်းမှာပဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အီရတ် နိုင်ငံတွေကို သွားရောက်ဖို့ ရှိတယ် ဆိုပြီး ကုလ သမဂ္ဂ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် အကြပ်အတည်းကို မျက်မြင်တွေ့ကြုံနိုင်ဖို့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို သွားမှာ ဖြစ်ပြီး၊ အီရတ် နိုင်ငံကိုလည်း အဲဒီမှာ ရွေးကောက်ပွဲ မစခင် သွားရောက်မှာ ဖြစ်တယ်လို့ မစ္စတာ ဒူဂျာရစ်က ဆိုပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးရဲ့ သံအမတ်တွေ လိုက်ပါကြမှာ ဖြစ်ပြီး၊ ဒီခရီးစဉ်ဟာ ဧပြီ ၂၆ ရက်ကနေ မေလ ၂ ရက် အထိ ကြာမြင့်မယ်လို့ ပြောပါတယ်။

Image caption ဒုက္ခသည် အကြပ်အတည်းကို အနီးကပ် လေ့လာလို

လုံခြုံရေး ကောင်စီ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လကတည်းက မြန်မာနိုင်ငံကို လာရောက် လိုတယ်လို့ ပြောဆို ခဲ့ပေမယ့် အဲဒီ အချိန်တုန်းကတော့ မြန်မာ အစိုးရက သင့်တော်တဲ့ အချိန် မဟုတ်သေးဘူး ဆိုပြီး အကြောင်းပြန် ခဲ့ပါတယ်။

ဒါပေမယ့် အခု အချိန်မှာတော့ မြန်မာအစိုးရက လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံအမတ်တွေကို လာရောက်ဖို့ မီးစိမ်း ပြလိုက်ပြီလို့ ယူဆ ရပါတယ်။

ဒါ့အပြင် ဒုက္ခသည် ပြန်လည် လက်ခံရေးမှာလည်း ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့ UNHCR၊ UNDP စတဲ့ အဖွဲ့အစည်းတွေ ပါဝင် ပတ်သက်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ကြား ဆွေးနွေး နေခဲ့ကြတာမှာ အခုဆိုရင် မူကြမ်း တစ်စောင် ရရှိနေပြီး နှစ်ဘက် ပြန်လည် သုံးသပ် နေတယ်လို့ မြန်မာ အာဏာပိုင်တွေ ဘက်က ဘီဘီစီကို အတည် ပြုထားပါတယ်။

ဒီကနေ့ ဧပြီလ ၁၃ ရက် သောကြာနေ့မှာတော့ ရိုဟင်ဂျာ ဒုက္ခသည် လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ဂျနီဗာမြို့မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးကြမှာ ဖြစ်ပါတယ်။