မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့် ကျဆင်းနေတယ်လို့ဆို

ဓာတ်ပုံ မူပိုင် Freedom House Website
Image caption ယခင်နှစ်က ရခဲ့တဲ့ ၃၂ မှတ် ထက် တမှတ် လျော့ခဲ့သလို စစ်အစိုးရ အုပ်ချုပ်နေတဲ့ ထိုင်းနဲ့ အမှတ်တူနေ

Freedom House လို့ခေါ်တဲ့ အမေရိကန် အခြေစိုက် နိုင်ငံတကာ လွတ်လပ်မှု စစ်ဆေးရေး အဖွဲ့ရဲ့ ၂၀၁၈ ကမ္ဘာတလွှား လွတ်လပ်မှု စစ်ဆေးချက် အစီအရင်ခံစာ အရ မြန်မာနိုင်ငံဟာ စာနယ်ဇင်းနဲ့ အင်တာနက် လွတ်လပ်မှု ကျဆင်းနေတဲ့ နိုင်ငံ အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာ စာနယ်ဇင်းနဲ့ အင်တာနက် လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပြီး လွတ်လပ်မှု သတ်မှတ်ချက် အမှတ် ၁၀ဝ မှာ ၃၁ မှတ်ပဲ ရခဲ့တာ ဖြစ်ပါတယ်။

အခုလို လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံတွေ ထဲမှာ ဆီးရီးယား နိုင်ငံက အနုတ် ၁ မှတ် ရလို့ အဆင့် ၁ အဆိုးဆုံးနိုင်ငံ ဖြစ်နေပြီး မြန်မာနိုင်ငံကတော့ ယခင်နှစ်က ရခဲ့တဲ့ ၃၂ မှတ် ထက် တမှတ် လျော့ခဲ့သလို စစ်အစိုးရ အုပ်ချုပ်နေတဲ့ ထိုင်းနဲ့ အမှတ်တူပြီး အဆင့် ၅၆ မှာ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း တစိတ်တပိုင်း အနေနဲ့ နိုင်ငံရေးနဲ့ နိုင်ငံသား လွတ်လပ်ခွင့် ရလာတာကို အဲဒီ အစီအရင်ခံစာက အသိအမှတ်ပြုထားပေမယ့် အခြား လွတ်လပ်ခွင့်တွေကတော့ တိုးတက်မှု မရှိတဲ့ အခြေအနေတွေကို အဆင့် သတ်မှတ်ချက်နဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Freedom House Website
Image caption တဦးချင်း ပျမ်းမျှ တနှစ် ဝင်ငွေလည်း အမေရိကန် ဒေါ်လာ တထောင်ကျော်သာ ရှိ၊ အသေးစိတ် ရှင်းလင်းချက် ထပ်ထုတ်မယ်

ပြီးခဲ့တဲ့ နှစ်နဲ့ လတ်တလော ကာလမှာ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်ကို ထိခိုက်စေတဲ့ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုမှုတွေ အပြင် ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ နိုင်ငံတကာ သတင်းဌာနတွေကို သတင်းယူခွင့် ကန့်သတ်တာတွေကြောင့် အခုလို လွတ်လပ်ခွင့် ကျဆင်းနေတာ ဖြစ်နိုင်ကြောင်း သတင်းသမားတွေ အကြား သုံးသပ်မှုတွေ ရှိနေပါတယ်။

အဲဒီ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရပြီး အမှုရင်ဆိုင်ခဲ့ရတဲ့ The Voice သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ အခုလို လွတ်လပ်ခွင့် မရှိတဲ့ စာရင်းထဲ ပါဝင်တာဟာ အံ့သြစရာ မဟုတ်ပဲ ဒီထက်တောင် ကျဆင်းနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီမိုကရေစီ အစိုးရ တရပ် အနေနဲ့ သတင်း လွတ်လပ်စွာ တင်ပြခွင့်နဲ့ ပြောဆိုခွင့်အပြင် ပုဂ္ဂလိက သတင်းဌာနတွေ ရှင်သန် ဖွံ့ဖြိုးရေးကိုလည်း အားပေး ရမယ်လို့လည်း ဦးကျော်မင်းဆွေက ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းကတော့ ဒီမိုကရေစီ မပေါ်ထွန်းသေးတဲ့အချိန်မှာ အန္တရာယ် ထူပြောခဲ့တဲ့ အခြေအနေနဲ့ ယှဉ်ရင်တော့ အလုပ်ဖြစ်လောက်အောင် သတင်းစာ လွတ်လပ်ခွင့် ရှိလာတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပြီး သတင်းသမားတွေဘက်ကလည်း လုပ်ငန်းကျွမ်းကျင်မှု ရှိဖို့အပိုင်းကို ဦးစားပေးသင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သတင်းသမားတွေ အနေနဲ့ ကျင့်ဝတ်ပိုင်းကို အလေးထားရမယ့် အပြင် တည်ဆဲ ဥပဒေတွေကိုလည်း လိုက်နာဖို့လိုသလို ကိုလိုနီ ခေတ်ကတည်းက ရှိပြီး ပြင်ဆင်ဖို့ မလွယ်ကူတဲ့ သတင်းလွတ်လပ်ခွင့် ထိခိုက်နေတဲ့ ဥပဒေတွေကိုလည်း သတင်းသမားတွေက လိမ္မာ ပါးနပ်စွာနဲ့ ရှောင်ရှားပြီး အလုပ်ဖြစ်အောင် လှုပ်ရှားဖို့ လိုတယ်လို့လည်း ဦးအောင်လှထွန်းကလည်း ပြောပါတယ်။

စာနယ်ဇင်းသမားတွေကတော့ လက်ရှိ ပြန်ကြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီး တို့ဟာ စာပေနဲ့ သတင်းလောက က လာတဲ့သူတွေ ဖြစ်တဲ့အတွက် သတင်းလွတ်လပ်ခွင့် တိုးတက်အောင်လုပ်ဖို့ ပိုပြီး တာဝန်ရှိတယ်လို့ သုံးသပ်ကြပါတယ်။