မဲဆောက် မြ၀တီမှာ ထိုင်းသင်္ကြန် အကျနေ့ ဆင်နွှဲပုံ

Image caption ထိုင်းနိုင်ငံ သင်္ကြန် မြင်ကွင်းတခု

အခုနှစ် သင်္ကြန်ကာလဟာ ထိုင်းနိုင်ငံမှာ အင်မတန်ပူပြင်းလွန်းလို့ ဧပြီလ ၁၃ ရက်သကြန်အကျနေ့ မှာ မဲဆောက်မြို့က လူထုဟာ မနက်ကနေ မွန်းလွဲပိုင်းအထိ အိမ်ထဲမှာပဲ အောင်းနေကြပြီးတော့ ညနေ ပိုင်းလောက်မှ လူရွယ်ပိုင်း နည်းနည်းပါးပါးလောက်က မဲဆောက် ကျောက်စျေးဖက်မှာ ထွက်ပြီး ရေကစားကြတာ တွေ့ရပါတယ်။

ညနေ ၄ နာရီမှာတော့ မဲဆောက်ဖက်အခြမ်း ထိုင်း၊မြန်မာချစ်ကြည်ရေး တံတားထိပ်က၊ မဲ့မေစီတီမှာ သင်္ကြန် အထူး ထိုင်း၊မြန်မာချစ်ကြည်ရေးလက်ဝှေ့ပွဲကို၊ ထိုင်းစက်မှု၀န်ကြီးဟောင်း နိုင်ချိုင်ဝူဒ်ဘန္န၀သ် က ဖွင့်လှစ်ပေး ပါတယ်။

ဒီနှစ်မှာထိုင်းနဲ့မြန်မာလက်ဝှေ့သမား ၉ တွဲက၊၅ ချီပွဲကိုထိုးကြ ရာမှာ ပထမဆုံးပွဲစဉ်မှာ မြန်မာက ထိုင်းကို တတိယအချီမှာ အလဲထိုး အနိုင်ယူလိုက်ပါတယ်။

အခုနှစ် သင်္ကြန်ချစ်ကြည်ရေးလက်ဝှေ့ ပွဲမှာ မြန်မာက ၆ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး၊တပွဲ သရေကျသွားပါတယ်။

မြ၀တီဖက် အခြမ်းမှာတော့ ထိုင်းဖက်က၊ ထိုင်းနိုင်ငံ၊ တာခ့် ခရိုင်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာတာ၀န်ရှိသူတွေနဲ့ ထိုင်းပုဂ္ဂလိကလုပ်ငန်းရှင် တချို့ကို ဉီးဆောင်ပြီးတော့၊ မြန်မာဖက်ကမ်းကို ကူးသွားကြပါတယ်။

မြ၀တီ ဗဟိုမဏ္ဍပ်က သင်္ကြန်အကနဲ့ စင်အောက်က သင်္ကြန်ယိမ်းအကတွေကို ထိုင်းဧည့်သည်တွေက အင်မတန် သဘောကျကြတာ တွေ့ရပါတယ်။

အထူးသဖြင့် ဗဟိုမဏ္ဍပ်အပေါ်မှာ ထိုင်းဖက်က ဧည့်သည်တွေကို မြန်မာဖက်က အမျိုးသားလွှတ်တော် ဥက္ကဌ ဉီးမန်း၀င်းခိုင်သန်းနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးထူးလွင်တို့က ဉီးဆောင်ပြီး သပြေခက်နဲ့ရေ ပက်ကြတာ တွေ့ရပါတယ်။

ထိုင်းဧည့်သည်တွေကိုတပြန်၊ ပြန်ပြီး မြန်မာဖက်က လူကြီးတွေကို သပြေခက်နဲ့ ရေပက်စေတာကို ထိုင်းဖက်က ဧည့်သည်တွေ အင်မတန် သဘောကျတာကို တွေ့ရပါတယ်။

ကုမ္ပဏီရဲ့ကိုယ်စားသွားပြီး ၊မြန်မာ့ရိုးရာသင်္ကြန်ကို ကိုယ်တိုင်တွေ့ရတာရယ် ၊သပြေခက်နဲ့ရေပက်တာကို သဘောအကျဆုံး ဖြစ်ပြီးတော့၊ သကြန်ယိမ်းအက ၊မြန်မာ့အစားအစာ၊အသစ်အဆန်းတွေကို လေ့လာခွင့်ရတဲ့အတွက် အင်မတန်၀မ်းသာပါသလို မိတ်ဆွေတွေကိုလည်း တွေ့မြင်စေချင်တယ်လို့ ထိုင်းလုပ်ငန်းရှင် အမျိုးသမီးတယောက် က ပြောပါတယ်။

သူ့လိုပဲ၊ လူအတော်များများဟာ သင်္ကြန်အကြတ်နေ့နဲ့ အတက်နေ့တွေ ကို သူတို့ မိတ်ဆွေအပေါင်းအသင်းတွေကိုပါ ခေါ်ပြီး ၊မြ၀တီမြို့ဖက်ကို သကြန်ရေကစားသွားကြမယ်လို့ ပြောကြပါတယ်။

ဆက်စပ် အကြောင်းအရာများ