သံဃာ ၊ သင်္ကန်း ၊ ရဟန်း စတာတွေ မသုံးရလို့ တားမြစ်

Image caption သာသနာရေး ဝန်ကြီးက လှူဖွယ်များ ဆပ်ကပ်လှူဒန်းစဉ်

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တခြားဘာသာတွေက သံဃာ ၊ သင်္ကန်း ၊ ရဟန်း စတဲ့ အသုံးနှုန်း သုံးစွဲတာတွေ မလုပ်ဖို့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ကနေ အကြောင်းကြားစာ တစောင်ကို သာသနာရေး ဝန်ကြီးဌာနက တဆင့် တခြား ဘာသာရေး အဖွဲ့အစည်း အသီးသီးထံ ပေးပို့ခဲ့ပါတယ်။

ဒီလို သုံးစွဲခြင်းကြောင့် ဘာသာ တခုနဲ့ တခုကြား အငြင်းပွားဖွယ် ၊ အမုန်းတရား ဖြစ်ဖွယ် ရှိလာနိုင်ပြီး ဆိုးကျိုး ရှိလာနိုင်တဲ့ အတွက် သာသနာရေး ၀န်ကြီးဌာနက ညှိနှိုင်းပေးဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ သတ္တမ အကြိမ် နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ၄၇ ပါး စုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ကယားပြည်နယ်ဖက်က ခရစ်ယာန် သင်းအုပ်ဆရာများ ဝတ်စုံ လှူဒါန်းပွဲမှာ သံဃာတော်များလို့ သုံးစွဲခဲ့ဖူးသလို ၊ စစ်ကိုင်းဖက်က ခရစ်ယာန် ဘာသာရေး အခမ်းအနား တခုမှာလည်း ရဟန်းခံ ဂုဏ်ပြုပွဲလို့ သုံးထားခဲ့ ဖူးကြောင်း ဒါနဲ့ ပတ်သက်လို့ သံဃာ့ မဟာနာယက အဖွဲ့က မသုံးသင့်ဘူးလို့ မိန့်ကြားလာတဲ့ အတွက် အကြောင်းကြားခြင်း ဖြစ်တယ်လို့ သာသနာရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

ဒါဟာ မေတ္တာ ရပ်ခံတဲ့ သဘောသာ ဖြစ်ကြောင်း ၊ အရင်ကလည်း ဒါတွေနဲ့ ပတ်သက်လို့ ညွှန်ကြားလွှာတွေ ထုတ်ထားတာ ရှိပြီးသား ဖြစ်ကြောင်းနဲ့ မလိုက်နာရင် တည်ဆဲ ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တခြား ဘာသာတွေမှာလည်း သူတို့ နဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းတွေ ရှိကြပြီး သံဃာ ၊ သကန်း နဲ့ ရဟန်း ဆိုတဲ့ စကားလုံးတွေက ထေရဝါဒရဲ့ အသုံးအနှုန်းမို့ တားမြစ်ရတာ ဖြစ်ကြောင်း ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ