ထန်တလန်က ဗိုလ်ချုပ်ကြေးရုပ်အရေး ကန့်ကွက်မှုတွေရှိနေ

Image caption ကျောက်ဆည်မြို့က ဗိုလ်ချုပ်ကြေးရုပ်

ချင်းပြည်နယ် ထန်တလန်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လုပ်ဖို့အတွက် တင်ဒါခေါ်တဲ့အပေါ် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။ ချင်းလူမျိုးတွေရဲ့ သူရဲကောင်း ရုပ်ထုတွေသာ ထားဖို့ လိုလားကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဟာ ချင်းပြည်နယ်မှာ အရင်က ဟားခါးမြို့ ပန်းခြံမှာ ရှိခဲ့ဖူးပီး ထန်တလန်မှာတော့ ပထမဆုံးကြေးရုပ်အနေနဲ့ တည်ထားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီလို ကြေးရုပ်တုမယ်ဆိုတဲ့ ကိစ္စပေါ် ထန်တလန် ပြည်သူတချို့က ကန့်ကွက်မှုတွေရှိနေပြီး ချင်းလူမျိူး သူရဲကောင်းတွေရုပ်ထုသာ ထားသင့်တယ်လို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

အခုလိုကန့်ကွက်တာကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရုပ်တုကို မကြိုက်တာ မဟုတ်ပဲ ငြိမ်းချမ်းရေး တည်ဆောက်နေချိန်မှာ တိုင်းရင်းသားတွေအနေနဲ့ နဂိုရှိနေတဲ့ သံသယတွေကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်းက ဘီဘီစီကို ပြောပါတယ်။

ချင်းအပါအဝင် တိုင်းရင်းသား တော်တော်များများက ပင်လုံစာချုပ် လက်မှတ်ထိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဗမာတိုင်းရင်းသားကိုပဲ ကိုယ်စားပြုတယ်လို့ မြင်ပြီး အခုလို ရုပ်တုထားမယ့်ကိစ္စဟာ အရင်တုန်းကတည်းက စွဲကိုင်လာတဲ့ တိုင်းရင်းသားတွေကို ဗာမန်နိုက်ဇေးရှင်း ဗမာမှုပြုတဲ့ နည်းလမ်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်မလားလို့ ခံစားမိတယ်လို့လည်း ဆလိုင်းကျဲအိုဘိထောင်က ပြောပါတယ်။

သူ့အနေဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မကြိုက်တာမဟုတ်ဘဲ ငြိမ်းချမ်းရေးညီလာခံက ထွက်လာတဲ့ ပြည်ထောင်စု သဘောတူစာချုပ်မှာတောင် တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အချက်မပါသေးချိန်မှာ လုပ်နေကိုင်နေပုံတွေကိုမကြိုက်တာလို့ ဆိုပါတယ်။

ထန်တလန်ဟာ ချင်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ CNF (Chin National Front ) ရုံးစိုက်တဲ့ နယ်မြေဖြစ်တဲ့ အပြင် မကြာခဏဆိုသလို ဘာသာရေးနဲ့ ပတ်သတ်တဲ့ အမှတ်အသားတွေကိုလည်း နယ်မြေခံတွေ သဘော မတူပဲ လာရောက်စိုက်ထူတာတွေရှိခဲ့ဘူးတယ်လို့ ဆလိုင်း ကျဲ အိုဘိထောင်းက ပြောပါတယ်။

အခုလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ထုလုပ်စိုက်ထူဖို့ သိန်းသုံးရာ ဘက်ဂျက် ရာထားထားပြီး ဒီဘက်ဂျက်ဟာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဧပြီ လကနေ စက်တင်ဘာလအတွင်း အကောင်အထည်ဖော်ဖို့ လုပ်ငန်းဖြစ်ပြီးတော့ ဒီလုပ်ငန်းအတွက် တင်ဒါခေါ်ယူနေတယ်လို့ ထန်တလန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်လို့ ထန်တလန်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ပူးရမ်ခါးကို မေးကြည့်တော့ ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးဗိသုကာ တယောက်ဖြစ်ပြီးတော့ ထန်တလန်မှာ ဗိုလ်ချုပ်နဲ့ ပတ်သတ်တဲ့ အမှတ်တရ တခုမှ မရှိသေးတာကြောင့် ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေပြောတဲ့ ချင်းသူရဲကောင်းရုပ်ထုအနေနဲ့ ထန်တလန်သူရဲကောင်း lal luai (ပူးလာလ်လွယ်) ရဲ့ ရုပ်တုကို ထုလုပ်ထားပြိးဖြစ်သလို ထန်တလန်ဗျူးပွိင့်မှာလဲ မကြာခင် ပူးလာလ်လွယ်ရဲ့ အမှတ်တရ ကျောက်စာတိုင်ကို ဆောက်လုပ်သွားတော့မှာ ဖြစ်တယ်လို့ ပူးရမ်ခါးက ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ လိုက်လံ စိုက်ထူတာတွေရှိခဲ့ပြီး တောင်ဥက္ကလာပပန်းခြံမှာတင် ရုပ်ထု နှစ်ခုရှိတာကြောင့် အများ ပြောဆိုဝေဖန်မှုတွေ ရှိခဲ့ဘူးပါတယ်။

စည်ပင်သာယာရေးကော်မတီဥက္ကဌ ပူးရမ်ခါးကတော့ ထန်တလန် ဒေသခံ အနည်းစုကသာ ကန့်ကွက်နေတာဖြစ်တယ်လို့ ဆိုပေမယ့် ဒီကိစ္စကို ကန့်ကွက်နေတဲ့ ဒေသခံတချို့ကတော့ လူထုဆီက သဘောထား ထပ်မံကောက်ခံပီး ဆက်လက် ကန့်ကွက်သွားဖို့ လုပ်နေတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရတက်ပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြေးရုပ်တွေကို မြို့အတော်များများမှာ ထားရှိလာခဲ့ပြီး တိုင်းရင်းသားဒေသတချို့မှာ ဗိုလ်ချုပ်ရုပ်တုထားရှိမဲ့ ကိစ္စအပေါ် ကန့်ကွက်မှုတွေ ရှိခဲ့ဖူးပါတယ်။