တတိယ အကြိမ် ကယော အမျိုးသားနေ့ ကျင်းပ

ဓာတ်ပုံ မူပိုင် Kantarawaddy Times
Image caption တတိယ အကြိမ် ကယော အမျိုးသားနေ့ ကျင်းပ

ကယားပြည်နယ်မှာ နေထိုင်တဲ့ ကယော တိုင်းရင်းသား တွေဟာ သူတို့ကို ကယောလို့ စတင်ခေါ်ဝေါ်တာ နှစ် ၅၀ ပြည့်တဲ့ အနေနဲ့ ကယော အမျိုးသားနေ့ အခမ်းအနားကို ဧပြီလ ၁၅ ရက်နေ့က ဖရူဆိုမြို့နယ် ဟိုယာ ကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အရင်က ပရဲ့လို့ ကယောတွေကို ခေါ်ခဲ့ရာကနေ ၁၉၆၈ ခုနှစ်လောက်က စလို့ ကယောလို့ ပြောင်းလဲခေါ် ဆိုတာ နှစ် ၅၀ ပြည့်တဲ့ အထိမ်းအမှတ် အဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ကယား၊ ကယန်း စာပေနဲ့ ယဉ်ကျေးမှု အသင်းအဖွဲ့တွေ၊ တိုင်းရင်း သား ပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေ ကယော တိုင်းရင်းသားတွေ တက်ရောက်ခဲ့ ကြပါတယ်။

လက်ရှိ အခြေအနေမှာ ကယောတွေရဲ့ ရိုးရာ ယဉ်ကျေးမှု ဝတ်စားဆင်ယင်ပုံတွေ တဖြည်းဖြည်း နည်းပါး လာနေတယ်လို့ ကယော စာပေ ယဉ်ကျေးမှု အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးမြင့်မောင်မောင်က ပြောပါတယ်။

ကယော အမျိုးသမီးတွေမှာ နားကွင်းကို အကျယ်ဖောက်ထားသလို ခြေကျင်းဝတ်နဲ့ ဒူးနားမှာ ကြေးကွင်းတွေပတ်ပြီး ငွေဒင်္ဂါးတွေကို လခြမ်းပုံ သီကုံးထားတဲ့ ဆွဲကြိုး တွေကို ၂ ခု ၃ခုလောက် ဆင့်ကဲဆင့်ကဲ လွယ်လေ့ရှိပြီး ကရင်အကျီနဲ့ အလားသဏ္ဍာန်တူတဲ့ အကျီနဲ့ ထမီအတိုကို ဝတ်ဆင်လေ့ရှိပါတယ်။

အမျိုးသားတွေလည်း နားပေါက်ဖောက်ပြီး ကရင်အကျီနဲ့ အလားသဏ္ဍာန်တူတဲ့ အကျီနဲ့ မတိုမရှည် ဘောင်းဘီကို ဝတ်ဆင်ကြပါတယ်။

ဒါ့အပြင် ကယောမှာတော့ ကိုယ်ပိုင်ဘာသာစကားနဲ့ ရောမအက္ခရာကို အခြေခံတဲ့ စာပေနဲ့ ယဉ်ကျေးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီစာပေတွေဟာလည်း အရင်က သင်ကြားခွင့်မရတာကြောင့် တဖြည်းဖြည်းနဲ့ မှေးမှိန်လာတယ်လို့ ပြောကြပါတယ်။

ရိုးရာယဉ်ကျေးမှုတွေကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ပညာပေး စည်းရုံးတာတွေကို ကယော စာပေယဉ်ကျေးမှုအသင်းကတော့ ကြိုးစား ဆောင်ရွက်နေပေမယ့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အများအပြား ရှိနေဆဲလို့ ဦးမြင့်မောင်မောင်က ပြောပါတယ်။

အရင်ရွေးကောက်ပွဲ တုန်းက ကယော ပါတီဆိုတာ မရှိတာကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား ပါတီတွေမှာ ဝင်အရွေးခံတဲ့ ကယောတိုင်းရင်းသားတွေ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးပါတီတခု ဖြစ်မြောက် လာအောင် ကြိုးစားနေသလို ကယော တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ကယော အမျိုးသား ဗဟိုကော်မတီကို စတင်ဖွဲ့စည်းနေတယ်လို့ ဆိုပါတယ်။

ကယောတွေဟာ လူဦးရေအားဖြင့် ၃ သောင်းကနေ ၅ သောင်းဝန်းကျင်ရှိပြီး ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ကရင်ပြည်နယ် သံတောင်မြို့နယ်တွေမှာ နေထိုင်ကြကာ တောင်ယာကို အဓိကထား လုပ်ကိုင်ကြပါတယ်။