ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ စင်မြင့်ဖျော်ဖြေမှု အပိတ်ခံရ

ဓာတ်ပုံ မူပိုင် ဒေါင်းတို့မျိုးဆက်
Image caption ၆ နှစ်ကြာ ဖျော်ဖြေမှုမှာ သံချပ်စာသားတွေကို တကြိမ်တခါမှ ဆင်ဆာမတင်ခဲ့

ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ကို သင်္ကြန် မဏ္ဍပ် စင်မြင့်တွေပေါ်မှာ ဖျော်ဖြေ တင်ဆက်မှု မလုပ်ဖို့ အာဏာပိုင်တွေက ပိတ်ပင် တားမြစ်ခဲ့ပါတယ်။

ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့ ဒီကနေ့ လှိုင်မြို့နယ်မှာ မြေဝိုင်း ဖျော်ဖြေမှုအပြီး မြို့နယ် အုပ်ချုပ်ရေးမှုးက လာရောက် တားမြစ်ခဲ့တာလို့ သံချပ်အဖွဲ့သားတွေက ပြောပါတယ်။

သူတို့ သံချပ်အဖွဲ့က သံချပ် စာသားတွေနဲ့ သရုပ်ဖော် တင်ဆက်မှုတွေကို ဆင်ဆာမတင်ထားတဲ့ အတွက် တားမြစ် ခံရတာ လို့လည်း ဆိုပါတယ်။

တဆက်တည်းမှာပဲ သူတို့ သံချပ် အဖွဲ့ကို လာရောက် ဖျော်ဖြေဖို့ ဖိတ်ထားတဲ့ မြို့နယ် အသီးသီးက မဏ္ဍပ်တွေ ကလည်း ဖုန်းဆက်ပြီး ဖျော်ဖြေမှု ဖျက်သိမ်းကြောင်း ပြောကြတယ် လို့ ဆိုပါတယ်။

ဖိတ်တဲ့သူတွေက မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေ ဦးဆောင် ပြုလုပ်ကြတဲ့ သင်္ကြန်မဏ္ဍပ်တွေ မဟုတ်ဘဲ ပုဂ္ဂလိက ဖျော်ဖြေရေး မဏ္ဍပ်တွေ ဖြစ်ကြပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အသင်းဟာ ရန်ကုန်မြို့က သင်္ကြန် စင်မြင့်တွေပေါ်မှာ ဖျော်ဖြေခဲ့တာ ၆ နှစ် ရှိပြီဖြစ်ပြီး သူတို့ သံချပ်စာသားတွေကို တကြိမ်တခါမှ ဆင်ဆာမတင် ခဲ့ဘူးလို့ သံချပ် အဖွဲ့သား တွေက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဦးဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုပိုင်ရဲသူကတော့ အဲဒီလို မဏ္ဍပ်တွေကို သက်ဆိုင်ရာက ဖိအားပေး တာတွေ ရှိလာလို့ ဖျော်ဖြေမှု ဖျက်သိမ်း ကြတာလို့ ထင်မြင်ကြောင်း ပြောပါတယ်။

သင်္ကြန်အကြိုနေ့ မတိုင်ခင်ကနေ အတက်နေ့အထိ ဖျော်ဖြေခဲ့ ရာမှာလည်း သတင်းတပ်ဖွဲ့ SB နဲ့ စအဖ၊ စရဖ၊ စသုံးလုံး စတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့အစည်းတွေက လိုက်ပါ ကြည့်ရှုတာ၊ မေးမြန်း တာတွေ ရှိခဲ့တယ်လို့ သံချပ် အဖွဲ့သားတွေက ပြောပါတယ်။

စင်မြင့်ဖျော်ဖြေခွင့် တားမြစ်ခံရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အသင်းဟာ သင်္ကြန်အတက်နေ့ ညနေပိုင်း မှာတော့ သုဝဏ္ဍ အားကစားကွင်း ရှေ့မှာ သံချပ်ကားကို ရပ်တန့်ပြီး ပြည်သူ့အသံ အိုးဝေအသံ သံချပ်အဖွဲ့နဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ