တိုက်ပွဲ ပြင်းထန်နေတဲ့ တနိုင်း အောင်လရွာနားက ဒုက္ခသည်တွေ ဘ၀

ဓာတ်ပုံ မူပိုင် Myitkyina News Journal
Image caption လက်နက်ကြီး ကျမှုကြောင့် သေဆုံး ၊ ဒဏ်ရာ ရမှုတွေ မြင်တွေ့ရပုံ

ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လရွာဘက်မှာ ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလျက် ရှိပါတယ်။

အောင်လရွာကို စွန့်ခွာလာပြီး ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ ဒေသခံတွေဟာ ထောင်ချီရှိနေဆဲ ရှိပြီး ထွက်ပြေးလာသူတွေထဲမှာ အသက်အရွယ် ကြီးရင့်သူတွေ ဒဏ်ရာရသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ စိုးရိမ်စရာအနေအထားဖြစ်နေတယ်လို့ တိမ်းရှောင်နေရသူတွေကပြောပါတယ်။

ဒီအောင်လဆိုတဲ့ ရွာဆိုတာဟာ အရင်တုန်းက ရွာဟောင်း ရှိခဲ့ဖူးပြီး ပအို့ဝ် ဘိုးဘွားတွေ ကနေ ဆင်းသက်တလာတဲ့ ရွာဖြစ်ကာ ရွာဟောင်းက တောစပ်မှာ ဖြစ်ကြောင်း ၊ တနိုင်းဖက်ကဆိုရင် မြောက်ပိုင်း ၊ အခု စစ်ဖြစ်နေတဲ့ အောင်လ ကျေးရွာရဲ့ မြောက်ဖက် လယ်တော အစပ်မှာ စစ်ရှောင်သူတွေ ရောက်နေတာဖြစ်ကြောင်း ၊ စာရင်း အရ လူရှစ်ရာလောက် ရှိမယ် ထင်ကြောင်း စစ်ရှောင်သူတွေ စုမိနေတဲ့နေရာက ခရစ္စယာန် သင်းအုပ်ဆရာ ဦးထန်ဂွန်း က ပြောပါတယ်။

ကနဉီးတုန်းက လူထောင်ချီ ရှိပြီး လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲလာတဲ့ အခါမှာ အားလုံး ထွက်ပြေးကာ ဖရိုဖရဲ ဖြစ်ကုန်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူတို့နဲ့ တမိုင် နှစ်မိုင်လောက် ဝေးတဲ့ နေရာမှာ ကျတော့ လက်နက်ကြီးတွေ တခါတလေ ကျတက်ပေမယ့် ဒီ တနိုင် အရှေ့ဖက် ၊ လီဒို ဖက် ဖြစ်ပြီး အောင်လ ရွာနဲ့ မဝေးတဲ့ ဆဒုံး တောင်ဖက်မှာ ပေါက်ကွဲသံတွေ ကျယ်ကျယ် လောင်လောင် ကြားနေရတယ်လို့ သူက ပြောပါတယ်။

သူတို့ အနေနဲ့ အဲဒီဖက်ကို မသွားရဲဘဲ သေနတ် သံတွေကလည်း တအား ကြားနေရတော့ ဘယ်သူမှ မချဉ်းကပ်ရဲဘဲ ဖြစ်နေကြောင်း ၊ ပိတ်မိနေသူတွေ ဆက်သွယ်လာတာ ရှိပြီး အရင်က ရွှေမှော်စပ် ၊ ခု လူသူ မရှိတဲ့ နေရာ လမ်းမကြီးပေါ်မှာ ပိတ်ဖြူ အလံလေးထောင် ၊ စားပွဲမှာ ပိတ်ဖြူခင်းချထားကာ စစ်ဘေးရှောင်တွေကို လက်ခံ နေရတယ်လို့ သူက ဆိုပါတယ်။

ထွက်ပြေးလာတဲ့ အိမ်ထောင်စုတွေ ပြန့်ကျဲလျက် ရှိပြီး တောထဲမှာ ဆိုတော့ လိုက်ရေတွက်ဖို့ ခက်ခဲသလို ဒုက္ခအကြီးအကျယ် ရောက်နေရကြောင်း ၊ လက်နက်ကြီး ဒဏ်ကြောင့် လူတယောက် ဆုံးပါးသွားခဲ့ရပြီး သေဆုံးသူရဲ့ ဖခင် ကလည်း ဒဏ်ရာရနေတဲ့ အပြင် အလားတူ ဖျားနာလျက် ရှိသူ လေးငါးခြောက်ယောက် ရှိကာ ကိုယ်၀န်ရင့်မကြီးနဲ့ မွေးဖွားမယ့် သူ တယောက် နှစ်ယောက်လောက် ရှိတယ်လို့ သင်းအုပ်ဆရာ ဦးထန်ဂွန်း က ပြောပါတယ်။

အခင်းမဖြစ်ခင်တုန်းက ရွာထဲက ယူလာတဲ့ သုံးဘီးကား တစင်းစာလောက် ရှိတဲ့ ဆေးဝါးနဲ့ စားသောက်စရာတွေနဲ့ စုပေါင်း အသက်ဆက် နေရတာ တပတ်လောက် ရှိသွားပြီလို့ သူက ဆိုပါတယ်။

လောလောဆယ်တော့ အဲဒီ နေရာက ထွက်ခွာနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်နေပြီး ရေရှည် ဆိုရင် ကလေးတွေ အတွက် မလွယ် သလို သက်ကြီး ရွယ်အိုထဲမှာ အသက် ကိုးဆယ်ကျော်တွေကို ထမ်းပိုး နေရတာတွေ အများကြီး ရှိတဲ့ အပြင် ဗုံးဆန် ကျမှာကိုလည်း စိုးရိမ်နေရလို့ ရွာသားတွေမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတယ်လို့ သင်းအုပ်ဆရာ ဦးထန်ဂွန်း က အခြေအနေကို ရှင်းပြခဲ့ပါတယ်။

ကချင်ပြည်နယ် တနိုင်းမြို့ တဝိုက်နဲ့ အင်းတော်ကြီး ဒေသဘက်မှာ ဧပြီလ ၁၅ ရက်နေ့ ကလည်း တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ အပြင်းအ ထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေ အတွင်း ဒေသခံ အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သလို ပိတ်မိနေတဲ့ ဒေသခံ ၂၀ဝ၀ ကျော် ကိုလည်း ကချင် ပရဟိတ အဖွဲ့တွေက သွားကူခွင့် မရပဲ ဖြစ်နေတယ်လို့ ကချင် အမျိုးသား လူမှု ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးနောင်လတ်က ပြောပါတယ်။

တနိုင်းမြို့အနီး အင်းတော် ချောင်းဝဒေသမှာ ဒေသခံ ၂၀ဝ ကျော်နဲ့ အောင်လောဒ်ရွာ တဝိုက်မှာ ဒေသခံ ၂၀ဝ၀ လောက် ပိတ်မိနေပြီး ပြည်နယ်အစိုးရ အာဏာပိုင်တွေကို စာပို့ အကူအညီတောင်းထားပေမယ့် ယခု အချိန်အထိ အကူအညီ မရသေးတဲ့အတွက် ကချင် ပရဟိတ အဖွဲ့ဝင်တွေက ဒေသခံ စစ်တိုင်းမှူးကို တွေ့ဆုံ အကူအညီ တောင်းမယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၄ ရက်နေ့ကလည်း အခုလို ပိတ်မိနေတဲ့ ဒေသခံတွေကို ကူညီ ကယ်ထုတ်ပေးဖို့ တနိုင်းဒေသ တပ်မတော် ကွပ်ကဲမှု စစ်ဌာနချုပ်ကို အကြောင်းကြားခဲ့ပေမယ့် အထက်ကို တင်ပြပေးမယ်လို့ပဲ ပြောဆိုခဲ့တယ်လို့လည်း တနိုင်းမြို့နယ်ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးနောင်နဂျာတန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ