ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ကိုယ်ရေးအရာရှိ လွတ်မြောက်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော်ဟာ နအဖအတွင်းရေးမှူး ၂ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ကိုယ်ရေးအရာရှိလည်း လုပ်ခဲ့ဖူးသူပါ။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ စာရင်းထဲမှာ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ ( အငြိမ်းစား ) ဗိုလ်မှူး ဝင်းနိုင်ကျော်လည်း လွတ်မြောက်လာတယ်လို့ သူ့ရဲ့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

အခု မနက် ၁၁ နာရီ ၄၀ လောက်မှာ ထောင်အပြင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံတော်အေးချမ်းသာယားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ စစ်အစိုးရ လက်ထက်က အတွင်းရေးမှူး (၂) အဖြစ် တာဝန်ထမ်းခဲ့သူ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ကိုယ်ရေးအရာရှိဖြစ်ပြီး နိုင်ငံတော် အကြီးအကဲတွေရဲ့ သတင်းကို တရားမဝင်ကူးယူတယ်ဆိုကာ အမှု ၃ မှုအပြင် နိုင်ငံခြားငွေကိုင်ဆောင်မှု စုစုပေါင်း အမှု ၄ မှုနဲ့ ဖမ်းဆီး တရားစွဲဆို ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၀၉ ခုနစ် စက်တင်ဘာလမှာ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၀ ဇန်နဝါရီလမှာ သေဒဏ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲရတာဖြစ်ပါတယ်။

နအဖ စစ်အစိုးရရဲ့ အတွင်းရေးမှူး ( ၂) ဗိုလ်ချုပ်ကြီး တင်ဦး ရဲ့ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူဟာ စစ်အစိုးရလက်ထက် လျှိုဝှက်စီမံကိန်းတွေဖြစ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်း မြေအောက်လှိုဏ်ခေါင်း စီမံကိန်း မြောက်ကိုးရီးယား လက်နက်ဝယ်ယူရေး ခရီးစဉ် လျှို့ဝှက်မှတ်တမ်းတွေကို ပေါက်ကြားစေခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေက သူဖမ်းဆီးခံခဲ့ရမှုကို ဖော်ပြခဲ့ကြတာပါ။

သူ့ကို ဖမ်းဆီးစဉ် သူ့ကွန်ပြူတာမှာ အထောက်အထားတွေ မတွေ့ရဘဲ စွပ်စွဲချက်တွေ ထင်မြင်ယူဆချက်တွေသာ ဖြစ်ပြီး မြောက်ကိုးရီးယား ကိစ္စတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်က ဘီဘီစီကို ပြောပါတယ်။

အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အသင်းအဖွဲ့တွေက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ