ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ကုန်သွယ်ရေး စံချိန်တင်

Image caption မြန်မာ့ပဲ အဓိက စျေးကွက်ဖြစ်တဲ့ အိန္ဒိယက တင်ပို့မှုကန့်သတ်ထား

မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေး သမိုင်းမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ ကုန်သွယ်မှုပမာဏက အများဆုံး စံချိန်သစ် တင်လိုက် ပါတယ်။

ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော် ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပို့ကုန်ကနေ အမေရိကန် ဒေါ်လာ ၁၄ ဘီလျံကျော်ရရှိပြီး နဲ့သွင်းကုန်ပမာဏကတော့ အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော်ရှိပါတယ်။

အခု ဘဏ္ဍာနှစ်မှာ ရရှိတဲ့ ကုန်သွယ်မှု ပမာဏဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၄ ဘီလျံ နီးပါး ပို လာတာလို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွန်ကြား ရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ သတ္တုတွင်းနဲ့ စက်မှု ကုန်ချော ပစ္စည်းတွေ တိုးလာပြီး နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်မှု အရ သစ် တင်ပို့မှုကို တင်းကျပ်လိုက်တဲ့ အတွက် သစ်တောထွက်ပစ္စည်း တင်ပို့မှု လျော့သွားခဲ့တယ်လို့ သူက ပြောပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၃ သိန်း နီးပါး တင်ပို့နိုင်ခဲ့ပြီး တိရိစ္ဆာန်ထွက် ပစ္စည်း တင်ပို့မှုလည်း ၃ ဆ နီးပါး တိုးလာခဲ့ ပါတယ်။

ဒါပေမဲ့ အိန္ဒိယ နိုင်ငံက ပဲဝယ်ယူမှု ကန့်သတ်လိုက်တဲ့ အတွက် ပဲတင်ပို့နိုင်မှု လျော့ကျ သွားခဲ့ပါတယ်။

ဒါ့အပြင် အေးခဲ အသားတွေနဲ့ဟင်းသီးဟင်း ရွက်တွေကို အိမ်နီးချင်း နိုင်ငံတွေဆီက မြန်မာနိုင်ငံကို ပြန်လည် တင်သွင်းနေတာ တွေလည်း ရှိနေ ပါတယ်။

လာမယ့်နှစ် အတွက် အိန္ဒိယကို ပဲတင်ပို့နိုင်ရေး အတွက် နှစ်ဖက် ဆွေးနွေး နေပေမဲ့ အခုချိန်ထိ သဘောတူညီချက် မရသေးဘူး လို့ စီးပွား ရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ဘီဘီစီကိုပြောပါတယ်။

လာမယ့်နှစ်မှာလည်း ပြည်ပကို မတ်ပဲတင်ပို့မှု လျော့ကျလာနိုင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ငါးမြစ်ချင်းတင်ပို့မှုကို ဆော်ဒီ အာရေဗျနိုင်ငံက ကန့်သတ်လိုက်တဲ့အတွက် ငါးတင်ပို့မှုလည်း လျော့သွားနိုင်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

လာမယ့် ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လမှာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် ရဖို့ လျာထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ