သတင်းထောက်တွေ ထောင်ဖမ်းကြောင်း ပြောတဲ့ ရဲ မိသားစု ဖယ်ရှားခံရ

ဓာတ်ပုံ မူပိုင် Ti Ti Lay
Image caption ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူ လူမှုကွန်ယက်မှာ တင်ထားတဲ့ပိုစ့်

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း အင်းစိန်တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်တဲ့ နေပြည်တော် ရဲလိုင်းခန်းကနေ ဖယ်ပေးဖို့ ရဲတပ်ဖွဲ့က အကြောင်းကြား လာတယ်လို့ ဇနီးဖြစ်သူ မတူးတူးရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

မနက် ၇ နာရီလောက် ဖုန်းလာလို့ ကိုင်လိုက်တော့ အမလိုင်းခန်းက ဖယ်ပေးရမယ်ဆိုပြီး လူကြီးက ပြောလာတဲ့အတွက် မိုးကြိုးပစ်သလို ခံစားရကြောင်း သမီးငယ်နဲ့အတူ ဖေ့ဘုပ်မှာ တင်ထားခဲ့တာပါ။

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီတော်စပ်သူ ကိုရဲဝင်းနိုင်ကလည်း အဲဒီအဖြစ်အပျက်ဟာ မှန်ကန်ကြောင်း ဘီဘီစီကို ပြောပါတယ်။

၂ ရက်အတွင်း ဖယ်ပေးဖို့ ဆိုပြီးအကြောင်းကြားလာတဲ့အတွက် ချက်ချင်းဖယ်ပေးခဲ့တယ်လို့ ဦးရဲဝင်းနိုင်က ပြောပါတယ်။

Image caption ချက်ချင်းဖယ်ခိုင်း

အထက်ရဲ့ ညွှန်ကြားချက်အရဖယ်ခိုင်းတာလို့ ပြောတယ်၊ အိမ်ထဲကို ရှာဖွေတာတွေလုပ်တယ် လို့လည်း ဦးရဲဝင်းနိုင်က ပြောပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ကိုတော့ ဧပြီ ၂ဝ ရက်ညကတည်းက နေရာပြောင်းရွှေ့ ချုပ်ထားလိုက်တယ်လို့ ဦးရဲဝင်းနိုင်က ပြောပါတယ်။

တရားရုံးမှာ သူ့အကိုဖြစ်သူက အဖြစ်မှန် ထွက်ဆိုတော့မှာ ဖြစ်တဲ့အတွက် အစ်ကိုမိသားစုအတွက် စိုးရိမ်လို့ ရဲလိုင်းခန်းမှာနေတဲ့ အစ်ကိုဖြစ်သူရဲ့ ဇနီးနဲ့သမီးကို နေပြည်တော် သပြေကုန်းက သူ့အိမ်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက ခေါ်ထားတယ်၊ ကလေးတွေကိုတော့ အညာမှာရှိတဲ့ အဘိုးအဘွားတွေဆီ ပို့မယ်လို့လည်း ကိုရဲဝင်းနိုင်က ပြောပါတယ်။

အမှန်အတိုင်းပဲဖြစ်ပါစေ၊ အမှန်တရားကိုပေါ်ပေါက်အောင်လုပ်ပေးပါလို့ သမ္မတကြီးကို ပြောပါရစေ ဆိုပြီး ဒုရဲမှူး မိုးရန်နိုင်ရဲ့ဇနီး မတူးတူးက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာ ရိုက်တာ သတင်းထောက် ၂ ဦးကို လျှို့ဝှက် စာရွက်စာတမ်းတွေ ပေးမယ်ဆိုပြီး ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာ ဖြစ်တယ်လို့ တရားလိုပြ သက်သေ ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ဧပြီလ ၂ဝ ရက်က ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ