ဦးဝင်းတင်ရဲ့ နိုင်ငံရေးအမွေ

ဓာတ်ပုံ မူပိုင် Yan Naung
Image caption ရေဝေးသုဿန်မှာရှိတဲ့ ဦးဝင်းတင်ရဲ့ ဂူဗိမာန်ကိုလည်း သူ့ကို လေးစားတဲ့ နိုင်ငံရေးသမားတွေနဲ့ အများပြည်သူတွေက လာရောက် ဂါရဝ ပြုခဲ့ကြ

၂၀၁၈ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တာ လေးနှစ်ပြည့်တဲ့နေ့ဖြစ်ပြီး သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေဟာ လူငယ်တွေအတွက် ရှေ့ဆောင် လမ်းပြ ဖြစ်တယ်လို့ ဦးဝင်းတင် မကွယ်လွန်ခင်အထိ အနီးကပ် စောင့်ရှောက်ခဲ့တဲ့ ကိုဇော်မျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ဦးဝင်းတင် ကွယ်လွန်မှု လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ရေဝေးသုဿာန်မှာ ရှိတဲ့ ဂူဗိမာန်ကိုလည်း သူ့ကို လေးစားတဲ့ နိုင်ငံရေးသမားတွေနဲ့ အများပြည်သူတွေက လာရောက် ဂါရဝ ပြုခဲ့ကြပါတယ်။

ဦးဝင်းတင်ဟာ ခံယူချက်ရိုးစင်းပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် စစ်အစိုးရကို ဆန့်ကျင်တဲ့ အမြင်ရှိသူ ဖြစ်သလို ခေတ်ဝန်ကို ထမ်းပြီး ခေတ်လမ်းကို လျှောက်ခဲ့သူ အဖြစ်လည်း သူ့ကိုယ်သူ ယူဆသူ ဖြစ်တယ်လို့ ဦးဝင်းတင်နဲ့ အနီးကပ်ဆုံး မိတ်ဆွေတွေထဲက တဦးဖြစ်တဲ့ စာရေးဆရာ မောင်မိုးသူက ဘီဘီစီကို ပြောပါတယ်။

ကြေးမုံသတင်းစာ၊ ဟံသာဝတီသတင်းစာ၊ AFP သတင်းဌာနနဲ့ အကျိုးဆောင် ဂျာနယ်တွေမှာ သတင်းစာဆရာ လုပ်ခဲ့တဲ့ ဦးဝင်တင်ဟာ သတင်းသမား ဘဝကို နှစ်သက်သူ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ချိန်မှာ စစ်အာဏာရှင်ကို တွန်းလှန်ဖို့အတွက် လက်တွဲပါဝင်ခဲ့တယ် လို့လည်း စာရေးဆရာ မောင်မိုးသူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Yan Naung
Image caption ဦးဝင်းတင်ရဲ့ နောက်ဆုံးဆန္ဒဟာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ဖြစ်

ဦးဝင်းတင်ရဲ့ နောက်ဆုံးဆန္ဒဟာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ဖြစ်တယ်လို့လည်း စာရေးဆရာ မောင်မိုးသူက ပြောဆိုခဲ့ပါတယ်။

မတရားတာကို မလုပ်ကိုင်၊ မကြံစည်ဖို့၊ အမှား အမှန် ခွဲခြားပြီး မှန်တဲ့ ဘက်က ရပ်တည်ဖို့သာမက မှားတာတွေကို တွန်းလှန် ဖယ်ရှားဖို့က ဦးဝင်းတင်ရဲ့ နိုင်ငံရေး ဒဿန ဖြစ်တယ်လို့လည်း ကိုဇော်မျိုးအောင်က ပြောပါတယ်။

ဦးဝင်းတင်ဟာ စာနယ်ဇင်းသမားဘဝကနေ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်လာပြီး စစ်အစိုးရက သူ့ကို ၁၉၈၉ မှာ ထောင်နှစ်ရှည် ချခဲ့တာ ဖြစ်ပါတယ်။

ထောင်သက် ၁၉ နှစ် ပြည့်တဲ့ ၂၀ဝ၈ ခုနှစ်မှာ ပြန်လွတ်လာပေမယ့် မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတယ်ဆိုပြီး ထောင်အင်္ကျီ အပြာရောင်ကိုပဲ ဝတ်ဆင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဦးဝင်းတင် ကွယ်လွန်တာ လေးနှစ် ပြည့်ပြီ ဖြစ်ပေမယ့် သူ့ရဲ့ နောက်ဆုံး ဆန္ဒဖြစ်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကတော့ ဖြစ်မလာသေးပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ လက်ရှိ အစိုးရကလည်း ဒါကို လုပ်ရမယ့် လုပ်ငန်းစဉ် တရပ်အနေနဲ့ ထည့်သွင်းထားတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။