ထိန်ပင် မီးခိုးငွေ့ကြောင့် ဝေဒနာတွေ ခံစားနေရ

Image caption လေးရက်ကြာတဲ့တိုင်အောင် လောင်ကျွမ်းနေဆဲ

လေးရက်ကြာတဲ့တိုင်အောင် လောင်ကျွမ်းနေဆဲဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံကနေထွက်ရှိတဲ့ မီးခိုးငွေ့ တွေကြောင့် အနီးနားရပ်ကွက်မှာနေထိုင်သူတွေအနေနဲ့ အသက်ရှုကျပ်မူးမော်တာတွေရှိနေသလို ဆေးရုံတက် ကုသရသူတွေ ရှိနေပါတယ်။

အမှိုက်ပုံ မီးလောင်ပြင်ကို မီးသတ်အင်အား ၁၅၀ ကျော်နဲ့ ငြိမ်းသတ် ဖို့ ကြိုးစားနေပေမဲ့လည်း ဧက ၁၀ဝနီးပါးအထိ လောင်ကျွမ်းနေတာကြောင့် လက်ရှိအချိန်ထိတော့ မီးငြိမ်းအောင် မငြှိမ်းသတ်နိုင်သေးပါဘူး။

၂၁ ရက်နေ့ကတည်းကလောင်ကျွမ်းခဲ့တဲ့ အမှိုက်ပုံ မီးလောင်ပြင်က ထွက်တဲ့မီးခိုးငွေ့တွေကြောင့် ဒီကနေ့ မနက်မှာတော့ လှိုင်သာယာဆေးရုံကို အရေးပေါ်တက်ရောက်ကုသရသူဟာ ၁၆ယောက် အထိရှိခဲ့ပါ တယ်။

ဆေးရုံတက်ရတဲ့အထိ အခြေနေမဆိုးပေမဲ့ မူးမော်ပြီး အသက်ရှုကျပ်လာလို့ အောက်ဆီဂျင်ပေးပြီး ကုသခဲ့ရ သူကလည်း ၃၀ နီးပါးလောက်အထိရှိတယ်လို့ သိရပါတယ်။

ဆေးရုံတက်ကုသရသူ ၁၆ ဦးအနက် ၃ဦးကတော့သက်သာသွားပြီဖြစ်ပြီး ရောဂါအခံရှိတဲ့ ၁၃ဦး ကိုတော့ ဆေးရုံမှာဆက်ကုသနေရဆဲဖြစ်တယ်လို့ လှိုင်သာယာ မြို့နယ် ဆေးရုံအုပ် ဒေါက်တာ သန်းလွင်ဦး က ပြောပါတယ်။

မီးခိုးငွေ့တွေက တငွေ့ငွေ့ထွက်နေဆဲဖြစ်တာကြောင့် မီးခိုးငွေ့ဒဏ်အဆိုးဆုံးခံရတဲ့အချိန်တွေမှာ ကျန်းမာရေး ထိခိုက်တဲ့ ဒဏ် ကိုခံရ နိုင်တဲ့ အသက်တနှစ် အောက်ကလေးငယ်တွေ၊ အသက်ရွယ်ကြီးရင့်သူတွေ၊ ကိုယ်ဝန်သည် တွေနဲ့ ရောဂါအခံရှိသူတွေကတော့ အဲဒီ နေရာကနေ ရှောင်ရှားနေတာဟာ အန္တရာယ် အကင်းဆုံး ဖြစ်တယ် လို့ ဒေါက်တာသန်းလွင်ဦး က အကြံပြုပြောဆိုပါတယ်။

ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းတာကနေ ထွက်လာတဲ့မီးခိုးငွေ့တွေကို လှိုင်သာယာမြို့နယ် အတွင်းက ရပ်ကွက်တွေဖြစ်တဲ့ ကုလားကြီး၊ အလယ်ရွာ၊ ကျုံစု၊ ၁၈ ရပ်ကွက်နဲ့ ၂၀ ရပ်ကွက် က အများဆုံး ခံစားနေရ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၂ ရက်နေ့ က ဆိုရင် ရပ်ကွက်ထဲမှာ နေ့လယ်ခင်း အချိန်မှာတောင်မှ မီးခိုးတွေနဲ့ မှောင်မဲ နေခဲ့ပြီး လူငယ် လူရွယ် တချို့လည်း မီးခိုးငွေ့ ကြောင့် မူးမိုက် လဲကျ ခဲ့တယ်လို့ ၂ဝရပ်ကွက်မှာနေထိုင်သူတွေရဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးဇော်ဦး က ပြောပါတယ်။

လက်ရှိမှာ မီးခိုးဒဏ်ခံစားရတဲ့ရပ်ကွက်တွေမှာနေထိုင်သူတွေကိုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ မနက် ၈ နာရီကနေ ညနေ ၆နာရီထိ လိုအပ်သလို ကုသတာတွေ ကိုလုပ်ပေး နေ သလို လူမှုကယ်ဆယ် ရေးအသင်းတွေနဲ့ ပရဟိတအသင်းတွေက အောက်ဆီဂျင်ဗူးတွေ၊ အရေးပေါ်ကား တွေနဲ့ ကူညီ ဆောင်ရွက် ပေးနေတယ်လို့လည်းသိရပါတယ်။

အမှိုက်ပုံမီးလောင်ပြင်က ထွက်တဲ့မီးခိုးငွေ့တွေရဲ့ဒဏ်ကို အဓိက ခံနေရတဲ့ ရပ်ကွက်တွေမှာ လေထုညစ်ညမ်းမှု ပမာဏတိုင်းတာတာကို လည်း ဧပြီ ၂၄ ရက်နေ့မှာ လုပ်သွားဖို့ရှိတယ်လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောပါတယ်။

ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ ဓာတ်ငွေ့ပါဝင်မှုပမာဏများခဲ့ရင်လည်း လူထုကိုအသိပေးထုတ်ပြန်ပြီး လိုအပ်တဲ့ဆောင်ရွက်မှုတွေကို လုပ်ဆောင် ပေးသွားဖို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ