ရိုက်တာသတင်းထောက်တွေ ပြန်လွှတ်ပေးဖို့ သမ္မတဆီစာပို့

Image caption ရိုက်တာသတင်းထောက်တွေကို စွဲချက်မတင်ဖို့ လျှောက်ထားချက် ပယ်ချခံခဲ့ရ

ရိုက်တာ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၆၃ဖွဲ့က ဧပြီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ သမ္မတထံ အိတ်ဖွင့်စာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အဲဒီပေးစာထဲမှာ ရိုက်တာ သတင်းထောက်တွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ ပြည်သူ့ရဲဝန်ထမ်းတွေကိုပါ ပြန်လွှတ်ပေးဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။

အချက် ၄ ချက်နဲ့ ထောက်ပြတောင်းဆိုထားတဲ့ အဲဒီစာကိုပေးပို့ရတာဟာ

''အစိုးရသစ်က တရားရေး ကဏ္ဍကို ပိုပြီးကြိုးစားလာမလားလို့ မျှော်လင့်ထားတာရှိတယ်။ သမ္မတရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာလည်း ဒါကို ပိုပြီး လုပ်မယ်လို့ ပြောထားတာလည်းရှိတယ်။ ဒါကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်'' လို့ ဒီတောင်းဆိုချက်ကို ပါဝင်တောင်းဆိုထားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Generation Wave အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကိုမိုးသွေးက ဘီဘီစီကိုပြောပါတယ်။

ဒီအမှုကို နိုင်ငံတော်အဆင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေး ဖော်ထုတ်ပေးဖို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

' ' ရိုက်တာသတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက်ကို ချိုးဖောက်လို့ဆိုပြီးဖမ်းထားတယ်။ ဒါပေမဲ့ ဒီကိစ္စက တကယ်ဖြစ်တာဖြစ်တဲ့အတွက်တပ်ကလည်းအရေးယူထားတယ်။ဒါက နိုင်ငံတော် လျှို့ဝှက်ချက် မဟုတ်တော့ဘူး၊ ရာဇဝတ်မှုပဲ။ ပြီးတော့ ကာယကံရှင်တွေကိုယ်တိုင် ဒီစာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီး မသိဘူးလို့ထွက်ဆိုထားတာရှိတယ်။ ဒုရဲမှူးမိုးရန်နိုင်လည်း ဒါထောင်ချောက်ဆင်ဖမ်းတာလို့ ထွက်ဆိုသွား တာရှိတယ်။ ဆိုတော့ ဒါက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှုမရှိတော့ဘူး။ ဒါကြောင့်ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုရတာဖြစ်ပါတယ်။'' လို့ Generation Wave အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုမိုးသွေးက ဘီဘီစီ ကိုပြောပါတယ်။

တရားရုံးမှာစစ်ဆေးနေဆဲအမှုတွေကို ရုပ်သိမ်းပေးဖို့တောင်းဆိုမှုတွေအရ သမ္မတဦးသိန်းစိန် လက်ထက် မှာ ငြိမ်း၊စု၊စီ ဥပဒေကြောင့်ဖမ်းဆီးခံရသူအချို့နဲ့ အစိုးရအဖွဲ့သစ်တက်ချိန်မှာလည်း လက်ပံတန်း ကျောင်းသားတွေကို အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

ရိုက်တာ သတင်းထောက်၂ဦးဖြစ်တဲ့ ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိလို့ဆိုပြီး မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ