ရဲအရာရှိ ၅၀ နီးပါး ရာထူးတိုး အပြောင်း အရွှေ့လုပ်

ဓာတ်ပုံ မူပိုင် Yangon Police Facebook
Image caption မြန်မာနိင်ငံရဲတပ်ဖွဲ့ သက်ဆိုင်ရာ ဌာနတွေမှာ လုပ်သက် ၃ နှစ် ပြည့် ရဲအရာရှိ ၅၀ ရာထူးတိုး

ထိပ်တန်းရဲ အရာရှိတွေ အပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းတချို့က ဒုတိယ ရဲမှူးကြီး နဲ့ ရဲမှူးအဆင့် အရာရှိ ၅၀ နီးပါးလောက် ကို နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်က ဧပြီလ ၂၆ ရက်နေ့က ရာထူးတိုးတာ နေရာပြောင်းလဲတာတွေ လုပ်ခဲ့ပါတယ်။

အခု ရာထူးတိုးလိုက်တဲ့ အထဲမှာ ရဲမှူးကြီး ကနေ ရဲမှူးချုပ် အဆင့် တိုးပေးလိုက်တဲ့ အဆင့်မြင့် ရဲ အရာရှိ ၅ ဦး နဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက ဒုတိယ ရဲမှူးကြီး နဲ့ ရဲမှူးအဆင့် ရဲအရာရှိ ၄၂ ဦး ပါဝင်ပါတယ်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်းအောင်ကို ရဲမှူးချုပ် ရာထူး တိုးပေးပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်ကို ရဲမှူးချုပ် ရာထူး တိုးပေးလိုက်တယ်လို့ နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်က တာဝန်ရှိ ရဲအရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ရဲမှူးကြီး ဇော်ခင်အောင်ကို ရဲမှူးချုပ် ရာထူးတိုး ပေးပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး တာဝန် ပေးအပ်လိုက်ပါတယ်။

မှုခင်း ရဲတပ်ဖွဲ့က ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး စိုးနိုင်ဦးကတော့ ရဲမှူးချုပ် ရာထူးတိုးသွားပြီး တပ်ဖွဲ့မှူး ဖြစ်သွားပါတယ်။

လေကြောင်း ရဲတပ်ဖွဲ့က ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး သက်ဝေ ကလည်း ရဲမှူးချုပ် ရာထူးတိုး သွားပြီး တပ်ဖွဲ့မှူး ဖြစ်သွားတယ်လို့ စောစောက ရဲအရာရှိကပဲ ပြောပါတယ်။

ရဲမှူးကနေ ဒုတိယ ရဲမှူးကြီးရာထူး တိုးသွားတာနဲ့ ဒုတိယ ရဲမှူးကြီးကနေ ရဲမှူးကြီး အဆင့်ရာထူး တိုးတဲ့ ၄၂ ဦး က ပြည်နယ်နဲ့ တိုင်းတွေက ဖြစ်ကြပါတယ်။

အဲဒီထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တာဝန် ထမ်းဆောင် နေကြတဲ့ ရဲအရာရှိတွေလည်း ပါဝင်ပါတယ်။

နေပြည်တော် ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းကလည်း ရဲအရာရှိ ၅၀ လောက်ကို အခုလို ရာထူး တိုးတာတွေနဲ့ အပြောင်းအလဲလုပ်တာတွေ ရှိခဲ့ပါသေးတယ်။

အခုတခါ ကတော့ သက်ဆိုင်ရာ ဌာနတွေမှာ လုပ်သက် ၃ နှစ် ပြည့်တဲ့ အတွက် ရာထူးတိုး ပေးတာ ဖြစ်ပြီး ဒါဟာ ရဲလုပ်ထုံး လုပ်နည်းအရ လုပ်ဆောင်တာလို့ နေပြည်တော် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ