မတ္တရာ က ကလေး ရိုက်ခံရမှုအရေးယူ ခြင်း မရှိသေး

Image caption ဦးဇင်းစိုး ဆိုတဲ့ ဘုန်းကြီး က ရိုက်နှက်ခဲ့တဲ့ဗီဒီယို ဖိုင်တခုဟာ Facebbook လူမှုကွန်ရက်မှာ ပျံ့နှံ့ ခဲ့

မန္တလေး တိုင်း၊ မတ္တရာမြို့နယ် မှာ သံဃာ တစုက ကလေးငယ် တယောက် ကို ရိုက်နှိက်ခဲ့တဲ့ အတွက် အဲဒီကလေးငယ်ကို ဆေးရုံတင်ထားရပါတယ်။ ကလေးငယ်ရဲ့ မိဘတွေက ရိုက်နှက်သူ သံဃာကို အမှုဖွင့်ထားပါတယ်။

ဘုန်းကြီးတပါးရဲ့ ရိုက်နှက်တာ ခံခဲ့ရတဲ့ ၈တန်းကျောင်းသား မောင်ဝေဖြိုးနိုင် ဆိုသူပါ။ သူ့ရဲ့ ဒဏ်ရာတွေက အတော်အတန်သက်သာနေပြီဖြစ်ပြီး အတွင်းဒဏ်ရာတော့ မရရှိထားဘူးလို့ မောင်ဝေဖြိုးနိုင်ရဲ့ ဖခင်ဖြစ်သူကဆိုပါတယ်။

အခုအချိန်မှာတော့ မိသားစုဘက်က အရိုက်ခံရတဲ့ သားအတွက် အမှု မှန်ပေါ်ပေါက်ဖို့ မတ္တရာရဲစခန်းမှာ ရိုက်နှက်ခဲ့သူ ဘုန်းကြီးကို အမှုဖွင့်ထားတယ်လို့ မောင်ဝေဖြိုးနိုင်ရဲ့ ဖခင် ဦးသူရနိုင်ကဘီဘီစီကို ပြောပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက တောင်ကန်ကျေးရွာအုပ်စု ရဲ့ ကင်းရွာ တောင်ကျောင်းမှာ ဧပြီလ ၂၁ ရက်နေ့က ဘုန်းကြီးကျောင်းတွင်း သရက်သီးကောက်နေတဲ့ ဝေဖြိုးနိုင်ကို ကျောင်းတွင်းက ဘုန်းကြီး သုံးလေးယောက်က ဝိုင်းထားပြီးတော့ ဦးဇင်းစိုး ဆိုတဲ့ ဘုန်းကြီး က ရိုက်နှက်ခဲ့တဲ့ဗီဒီယို ဖိုင်တခုဟာ Facebbook လူမှုကွန်ရက်မှာ ပျံ့နှံ့ ခဲ့ပါတယ်။

ဒီလို အရိုက်ခံရတဲ့ ကလေးငယ်က ၈တန်းဖြေဆိုထားပြီး သရက်သီ ကောက်နေရာကနေ ခွေးပါးစပ်က နတ်စကားထွက်တယ်လို့ အတူကောက်တဲ့ နောက်ကလေးတယောက်ကို ပြောခဲ့ပြီး အပြောခံရသူ ကလေးက သွားတိုင်ရာကနေ အခုလို ဘုန်းကြီးက ရိုက်နှက်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

အခု ကိစ္စမှာတရားဥပဒေအတိုင်း အမှန်ဖြစ်အောင်လို့ ကူညီဆောင်ရွက်ပေး သွားမယ်လို့ မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်က ဘီဘီစီကို ပြောပါတယ်။

အခုတိုင်ချက်ဖွင့်ထားတဲ့ ရိုက်နှက်သူ ဦးဇင်းစိုး ဆိုသူကို ရဲစခန်းက ဖမ်းဆီးအရေးယူတာ မတွေ့ရသေးဘူးလို့ အရိုက်နှက်ခံရသူရဲ့ မိဘတွေက ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သတ်ပြီးတော့ မတ္တရာမြို့နယ်ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ် ဆက်သွယ်လို့ မရခဲ့ပါဘူး။