အကျဉ်းထောင် ၄ခုမှာ ကျန်းမာရေး အဆောက်အအုံတွေ တည်ဆောက်

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံက အကျဉ်းထောင် ၄၅ခုမှာ အကျဉ်းသား ၈သောင်းကျော်ရှိ

အင်းစိန်၊ မန္တလေး၊ မြစ်ကြီးနားနဲ့ လားရှိုး စတဲ့ အကျဉ်းထောင် ၄ခုမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ့် အဆောက်အအုံတွေ တည်ဆောက်နေပါတယ်။

ကျန်းမာရေး အဆောက်အအုံတွေ တည်ဆောက် ပေးသွားမယ့် ထောင် ၄ခုထဲက အင်းစိန်ထောင်နဲ့ မန္တလေးထောင်ဟာ အကျဉ်းသား ဦးရေ အများဆုံး ရှိနေတဲ့ ထောင်တွေဖြစ်ပြီး လားရှိုးနဲ့ မြစ်ကြီးနားထောင်တွေ ကတော့ ထောင်တွင်း ဆေးရုံ မရှိတဲ့ ထောင်တွေ ဖြစ်ပါတယ်။

ကျန်းမာရေး အဆောက်အအုံထဲမှာ ဆေးရုံတွေ ပါသလို တီဘီရောဂါ ကုသဆောင်တွေနဲ့ ဓါတ်ခွဲခန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

အင်းစိန်၊ လားရှိုးနဲ့ မြစ်ကြီးနားထောင်တွေမှာ ကျန်းမာရေး အဆောက်အအုံတွေကို၂၀၁၇ခုနှစ် ကတည်းက တည်ဆောက်နေတာ ဖြစ်ပြီး မကြာခင် ပြီးစီးတော့မယ်လို့ လည်း သိရပါတယ်။

ဒီအဆောက်အအုံတွေကို နိုင်ငံတကာ ရန်ပုံငွေ ထောက်ပံ့ရေး အစီအစဉ်တခု ဖြစ်တဲ့ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ (3MDG)ကနေ အကျဉ်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး တည်ဆောက်ပေးတာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာန ကနေ သိရပါတယ်။

3MDGကနေ အဆောက်အအုံနဲ့ လိုအပ်တဲ့ ဆေးဝါး ကိရိယာတွေကို ထည့်သွင်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပေမယ့် ဆေးကုသမှုအပိုင်းနဲ့ လည်ပတ်မှု အပိုင်းကိုတော့ ထောင်တွင်း ဖွဲ့စည်းပုံအရပဲ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဘီဘီစီကိုပြောပါတယ်။

အဲဒီထောင်၄ခုအနက် လားရှိုး အကျဉ်းထောင်မှာ တီဘီရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားနေပြီး ဆေးယဉ်ပါး တီဘီ ရောဂါ ဖြစ်ပွားနေသူ တဦးကိုလည်း တွေ့ခဲ့တယ်လို့ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုတွေ မြှင့်တင်ပေးဖို့ ဆောင်ရွက်နေတဲ့ 3MDG ရဲ့ ဧပြီလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထောင်အများစုဟာ အရင်ထက် ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်လာပြီလို့ ပြောနိုင်ပေမယ့် အဓိက လိုအပ်ချက် တွေက ရှိနေဆဲ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီ စောင့်ရှောက်ရေး အဖွဲ့က ဦးဘိုကြည်က ဘီဘီစီကို ပြောပါတယ်။

ထောင်ကျကျောင်းသားတွေ ၁၀ တန်းစာမေးပွဲဖြေဖို့ပြင်

အကျဉ်းထောင်အသစ်တွေ တည်ဆောက်

မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၅ခု ရှိတဲ့အနက် ဗဟိုထောင် ၃ခု မှာပဲ ထောင်ဆေးရုံရှိပြီး ကျန်တဲ့ ထောင် ၄၀ ကျော်မှာ ထောင်ဆေးရုံ မရှိသလို နယ်ဘက် ထောင်အများစုနဲ့ ကုန်ထုတ်စခန်းလို့ ခေါ်တဲ့ ရဲဘက်စခန်း အများစုမှာတော့ ဆေးကုသပေးမယ့် ဆရာဝန်လည်း မရှိပဲ ဆေးမှူးလောက်နဲ့သာ ကုသပေး နေရဆဲလည်း ဖြစ်ပါတယ်။

ဒါကလည်း ထောင်ဆေးရုံတွေမှာ ကုသပေးမဲ့ဆရာဝန်တွေကို ကျန်းမာရေး ဝန်ကြီးဌာနက ချပေးမှသာ ရတာ ဖြစ်တဲ့ အတွက် အရေးပေါ် လိုအပ်ချက် ရှိတဲ့ အကျဉ်းသားတွေကိုတော့ အပြင် ဆေးရုံတွေကို ပို့ဆောင်ပြီး ကုသပေးနေတယ်လို့ အကျဉ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။

တနိုင်ငံလုံးက အကျဉ်းထောင် ၄၅ခုမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားဦးရေဟာ ၈သောင်းကျော် ရှိပြီး အကျဉ်းထောင် အများစုဟာ သတ်မှတ် လူဦးရေထက် ပိုမို နေထိုင်နေကြရတာ ဖြစ်တဲ့အတွက် အကျဉ်းသားတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုကတော့ လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ထောက်ပြ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ