ရခိုင်ကဒုက္ခသည် စခန်းရွှေ့မှု မွတ်ဆလင်တွေမကျေနပ်

Image caption မပြောင်းရွှေ့ဘူးဆိုရင် လက်ရှိနေထိုင်နေတဲ့ စခန်းတွေကို ဖျက်သိမ်းမယ်ဆိုပြီး အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့

ရခိုင်ပြည်နယ်မှာ ၂၀၁၂ က ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေ၊ မြေပုံနဲ့ ရမ်းဗြဲ အပါအဝင် မြို့ကြီးတွေမှာ ဖွင့်ထားတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်း ၁၉ ခု ကို အစိုးရက ရွှေ့ပြောင်းမယ့် ကိစ္စမှာ ဒုက္ခသည်တွေဘက်က မကျေနပ်မှုတွေ ရှိနေပါတယ်။

မြေပုံမြို့ တောင်ပေါ်စခန်းက မွတ်ဆလင် ဒုက္ခသည်တွေကို အစိုးရ စီစဉ်တဲ့ နေရာကို ပြောင်းရွှေ့ဖို့ ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက လာရောက် ပြောဆိုတဲ့ အခါမှာလည်း မပြောင်းရွှေ့ဘူးဆိုရင် လက်ရှိနေထိုင်နေတဲ့ စခန်းတွေကို ဖျက်သိမ်းမယ်ဆိုပြီး အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ အဲဒီ စခန်းက ဒုက္ခသည် တဦးက ဘီဘီစီကို ပြောပါတယ်။

သူတို့ ရွှေ့ပြောင်း နေထိုင်ရမယ့် နေရာတွေဟာ ရေမြုပ်လေ့ရှိတဲ့ နေရာတွေ ဖြစ်ပြီး ယခင်က ကတိပေးထားတဲ့ ပေ ၆၀၊ ပေ ၄၀ ပတ်လည် မဟုတ်သလို ယခင် နေထိုင်ခဲ့တဲ့ နေရာ အနီးမှာလည်း မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၂ ဇွန်လတုန်းက စစ်တွေမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ်

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကတော့ ဒီလို အတင်း အဓမ္မ ခြိမ်းခြောက်တာ မရှိကြောင်းနဲ့ ဒီပြောင်းရွှေ့မှုတွေဟာ ဆန္ဒအလျောက်သာ ဖြစ်သင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုလို ပြောင်းရွှေ့မှုတွေ လုပ်ရာမှာ နေရာ ထိုင်ခင်း ဆောက်လုပ်မှုနဲ့ ရွှေ့ပြောင်းမှုကို တဆင့်ချင်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြေပုံမြို့ တောင်ပေါ်စခန်းမှာ စုစုပေါင်း လူဦးရေ ၃၀ဝ၀ နီးပါးရှိပြီး လောလောဆယ်မှာ သူတို့အတွက် ဆောက်လုပ်ပြီးသွားတဲ့ အိမ်ခြေ ၅၀ အတွက် ပြောင်းရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အခုလို မွတ်ဆလင် ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းဖို့အတွက် အစိုးရ တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေ စတင် ညှိနှိုင်းစဉ် ကတည်းက အဆင်မပြေမှုတွေ ရှိနေတာ ဖြစ်ပြီး ဒုက္ခသည်တွေက မူလ နေထိုင်ခဲ့တဲ့ နေရာမှာပဲ ပြန်လည် နေထိုင်လိုကြတယ်လို့ ပြောဆိုထားပါတယ်။