ကချင် ဒုက္ခသည်အရေး ကုလ စိုးရိမ်

ဓာတ်ပုံ မူပိုင် AFP

ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ)တို့ အကြား ဖြစ်ပွားနေတဲ တိုက်ပွဲတွေကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရတဲ့ ထောင်ချီတဲ့ အရပ်သားတွေ အတွက် စိုးရိမ်ပူပန်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mark Cutts က ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေက အရင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် ပိုမို ပြင်းထန်တယ်လို့ ကေအိုင်အေ ပြောခွင့်ရကို ကိုကားပြီး ရိုက်တာ သတင်းက ဖော်ပြထား ပါတယ်။

တိုက်ပွဲကြောင့် အနည်းဆုံး လူ နှစ်သောင်း နှစ်ထောင်ကျော် အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့နယ်ဘက်မှာတော့ တိုက်ပွဲကနေထွက်ပြေးလာတဲ့ အရပ်သား ဒုက္ခသည် ၅၀၀ နီးပါးကို နမ္မတီးမြို့လမ်းခွကျေးရွာ ခရစ်ယာန် ဘုရားကျောင်းမှာ ခိုလှုံ ခွင့်ပေးထားပါတယ်။

ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်နဲ့ လမ်းခွကျေးရွာ ခရစ်ယာန် ဘုရားကျောင်းက သိက္ခာတော်ရ သင်းအုပ်ဆရာတော် ဦးလရိုင်က တနိုင်း၊ မိုးကောင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ်နဲ့ ပူတာအို မြို့နယ် အနီးတဝိုက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ တယ်လို့ ပြောပါတယ်။

နမ္မတီးမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ကဆုန့်နဲ့ ဆွတ်မိုင် ကျေးရွာသားတွေက လမ်းခွ ကျေးရွာ၊ ဆွမ်ဘရာဘွမ်နဲ့ ပူတာအိုမြို့နယ် ကျေးရွာသားတွေကတော့ အင်ဂျန်းယန်၊ အောင်လာဒ့်နဲ့ အနီးတဝိုက်ကျေးရွာတွေက တနိုင်းမြို့နယ်ဖက်မှာ ခိုလှုံနေတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Seng Mai

ဘုရားကျောင်းရှိတဲ့ ဂျူဗလီ ခန်းမဆောင်မှာ လာရောက်ခိုလှုံနေတဲ့ လူ ၅၀၀ နီးပါး ပြွတ်သိပ် နေထိုင်နေရတယ်လို့ ဆိုပါတယ်။ဒီလိုခိုလှုံနေထိုင်နေတာကြောင့် လူမှုရေး ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြ ပါတယ်။

ကြိုတင်ပြင်ဆင်ထားတာ မရှိဘဲ ရွာသားတွေ လာရောက် ခိုလှုံတာကြောင့် နေထိုင်ဖို့၊ စားဖို့နဲ့ သောက်သုံးဖို့ ရေအခက်အခဲရှိနေတယ်လို့ ဦးလရိုင်က ပြောပါတယ်။

ဒါအပြင် တနိုင်းဒေသမှာ ဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေကြားမှာ ရွာသူရွာသား နှစ်ထောင်ကျော်ဟာလည်း ဒီကနေ့အထိ ပိတ်မိနေတာကြောင့် သမ္မတအနေနဲ့ တုံ့ပြန်ဆောင်ရွက် ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဧပြီ ၂၇ ရက် ရက်စွဲနဲ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။