မြေယာတွေ ပြန်ရဖို့ ဖားကန့်မှာ ဆန္ဒပြ

Image caption ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်ရာ နေရာ

ကချင်ပြည်နယ် ဖားကန့်ဒေသတွင်း လုံးခင်း ရပ်ကွက် ၅ အပိုင်က မြေဧက ၇ ဧက ကျော်ကို ကုမ္ပဏီတချို့က သိမ်းယူထားခဲ့တယ်ဆိုပြီး အဲဒီ့မြေကနေ ပြောင်းရွေ့ပေးခဲ့ရတဲ့ ဒေသခံတွေက ဧပြီ ၂၈ ရက်နေ့က လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီမြေတွေ ပြန်ရဖို့ ၂၀၁၁ ခုနှစ်တုန်းကလည်း တောင်းဆိုခဲ့ဖူးသလို လက်ရှိ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်းမှာတော့ ကုမ္ပဏီအသစ်က လုပ်ငန်း ပြန်လုပ်နေတာကြောင့် အခုလို တောင်းဆိုရတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီကိစ္စအဖြစ်မှန်ပေါ်ပေါက်ဖို့ ကချင်ပြည်နယ် အစိုးရ ဒါမှမဟုတ် အရပ်ဖက်အဖွဲ့အစည်းတွေကို လာရောက် စစ်ဆေးစေချင်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်သူ ကိုထွန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီနေရာတွေမှာ နေထိုင်ခဲ့ကြတဲ့ မိသားစု ၃၃ စုဟာ ပိုင်ဆိုင်မှု စာချုပ်စာတမ်း မပြနိုင်တာကြောင့် ၂၀၁၀ ခုနှစ်လောက်မှာ ကုမ္ပဏီဘက်က သူတို့ကို လျော်ကြေး ၅ သိန်း ၀န်းကျင်ပေးပြီး ပြောင်းရွေ့ခိုင်းခဲ့တာ ဖြစ်တယ်လို့လည်း ကိုထွန်းထွန်းက ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီ့နေရာတွေဟာ ကျောက်မျက်လုပ်ကွက်တွေ လုပ်ကိုင်နေတာကြောင့် သိန်းထောင်နဲ့ချီ တန်ကြေးရှိနေပြီလို့လည်း ဆန္ဒပြသမားတွေက ပြောပါတယ်။

ဒီမြေတွေကို ၂၀၁၀ ခုနှစ်တုန်းက ရတနာ ကြာဖြူကုမ္ပဏီက ရယူလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ရတနာ ကြာဖြူ ကုမ္ပဏီက ကျောက်မျက်တွေ တူးဖော်ပြီး နောက်မှာတော့ နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ စိမ်းလဲ့ရတနာကုမ္ပဏီက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့တုန်းက ရတနာ ကြာဖြူကုမ္ပဏီနဲ့ ဒေသခံတွေကြား တရား၀င် သဘောတူညီမှုရပြီးမှ လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ လက်ရှိ လုပ်ကိုင်နေတဲ့ စိမ်းလဲ့ရတနာ ကုမ္ပဏီဘက်က တုန့်ပြန်ပါတယ်။

တကယ်လို့ ဒီကိစ္စအပေါ်မှာ ဒေသခံတွေအနေနဲ့ မကျေနပ်ဘူးဆိုရင် တရားရုံးမှာ ဦးတိုက်လျှောက်ထားနိုင်တယ်လို့လည်း စိမ်းလဲ့ရတနာ ကုမ္ပဏီ တာဝန်ရှိသူ ဦးသိန်းလှိုင်က ပြောပါတယ်။

လုံးခင်း ကျောက်စိမ်းမှော်မှာ ရဲက ပစ်လို့ ၅ ယောက်သေဆုံး

ကျောက်စိမ်းတုံးကြီး တွေ့တဲ့ ကျောက်သမားတွေ ထွက်ပြေးနေ

လုံးခင်း ဖားကန့်ဒေသတွင်းက မြေယာ အများစုဟာ ဘိုးဘွားပိုင် ဥယျာဉ်ခြံမြေတွေနဲ့ ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်တာ အများစု ဖြစ်တာကြောင့် ပိုင်ဆိုင်မှု အထောက်အထားမရှိပဲ ယုံကြည်မှုနဲ့သာ လက်လွဲရောင်းချတာ များပြီး စာချုပ်စာတမ်းရှိသူ သိပ်မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့်လည်း အဲဒီ့ဒေသမှာ ကျောက်မျက်လုပ်ကွက်တွေအဖြစ် သတ်မှတ်လိုက်တဲ့ နေရာတွေဟာ ပိုင်ဆိုင်မှု အငြင်းပွားတာတွေ၊ ပိုင်ရှင် တစ်ဦးထက်မက ရှိနေတဲ့အတွက် မြေလျော်ကြေး ပေးတဲ့နေရာမှာ ပြဿနာတွေ ရှိနေတာ ဖြစ်တယ်လို့ ကုမ္ပဏီတွေဖက်က ပြောဆိုနေကြပါတယ်။

ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသဟာ ကျောက်စိမ်းထွက်ရှိရာ မြေနေရာ တစ်ခုဖြစ်ပြီး ကျောက်မျက်တူးဖော်တဲ့ နေရာတွေကို အစိုးရက ရတနာ နယ်မြေတွအဖြစ် သတ်မှတ်ပြီး ကုမ္ပဏီတွေကို လုပ်ကွက်အလိုက် ကျောက်မျက်တူးဖော်ခွင့်ပြုထားတာ ဖြစ်ပါတယ်။