ရာချီတဲ့ ကချင်တွေ ပထမဆုံး သပိတ်စခန်းဖွင့် တောင်းဆိုမယ်

ဓာတ်ပုံ မူပိုင် SUT SENG HTOI
Image caption ထောင်နဲ့ချီတဲ့လူတွေ မြစ်ကြီးနားမြို့ပေါ်မှာ ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အောင်လော့ဒ်၊ အင်ဂျန်းယန်နဲ့ လိုင်းနားခူရွာက ဒေသခံ ၂ဝဝဝ ကျော် ပိတ်မိနေတာ ရက် ၂၀ ကျော်သွားပြီ ဖြစ်ပါတယ်။

အစာရေစာ ပြတ်လပ်နေတာ ကြာမြင့်နေပြီ ဖြစ်တဲ့ ဒေသခံတွေ ဘေးကင်းရာကို ပို့ဆောင်ပေးနိုင်ရေးအတွက် ကချင်လူငယ် ၃၀၀ ကျော်ဟာ ဧပြီ ၃၀ ရက် ညနေ လေးနာရီကစပြီး မြစ်ကြီးနားမြို့ပေါ်မှာ သပိတ်စခန်း ဖွင့်လှစ်ပြီး တောင်းဆိုသွားမယ် လို့ သိရပါတယ်။

တိုက်ပွဲကြားပိတ်မိနေတဲ့ ဒေသခံ၂၀၀၀ ကျော်ဘေးကင်းရာကို လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို စာပေးပို့တောင်းဆိုခဲ့ပေမယ့်လည်း ပြည်နယ်အစိုးရဘက်ကတော့ ဒါဟာ အစိုးရဘက်ကပဲ ဆုံးဖြတ်လို့မရဘဲ စစ်တပ်နဲ့လည်း ညှိရမယ်အပိုင်းတွေလည်း ရှိတယ်လို့တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။

' 'ကချင်မှာ တိုက်ပွဲတွေက ပြင်းထန်လာတယ်။ ပိုဆိုးတာက အရင်က တိုက်ပွဲ တွေဖြစ်တယ်ဆိုရင် ပြည်သူတွေကလုံခြုံတဲ့နေရာကို ထွက်လာခွင့်ရှိတယ်။ အခုကဘေးကင်းရာကိုသွားဖို့ ပြည်သူတွေမှာ ရွေးချယ်ခွင့်တောင် မရှိတော့ဘူးဖြစ်နေတာ။ တိုက်ပွဲတွေကြား ညပ်နေတာ ရက် ၂ဝ ကျော်သွားပြီ။ ရိက္ခာက ပြတ်၊ ရေကအဆင်မပြေနဲ့ တော်တော်လေးဒုက္ခရောက်နေကြတာ။

။အဲဒီက လူတွေကို ဘေးကင်းရာ တိမ်းရှောင်နိုင်အောင် လုပ်ပေးဖို့က ကြေညာချက် ထုတ်ရုံနဲ့လည်း မရဘူး။ ရိုးရိုးဆန္ဒပြနေရုံနဲ့လည်း မရဘူး။ ဒါကြောင့် လူငယ်တွေက သပိတ်စခန်းဖွင့်ပြီး အစိုးရကိုတောင်းဆို ဖို့ ဆုံးဖြတ်လိုက်တာပါ '' လို့ သပိတ်စခန်းရဲ့ ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ မဆွတ်ဆိုင်းထွယ်က ဘီဘီစီကိုပြောပါတယ်။

သပိတ်စခန်းမဖွင့်လှစ်မီ ဧပြီ ၃ဝ ရက် မနက်ပိုင်းက လူ သုံးထောင်ကျော်ပါဝင်တဲ့ လူအုပ်ကြီးဟာ မနောကွင်းမှာ စုရပ်လုပ်ပြီး မြစ်ကြီးနားမြို့ပေါ်မှာ သတ်မှတ်လမ်းကြောင်း အတိုင်း လမ်းလျှောက်ချီတက်ပြီး ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်မှုမှာ မြစ်ကြီးနားမြို့က ဒေသခံတွေအပြင် စစ်ရှောင်စခန်းကသူတွေလည်းပါဝင်ပြီး အနီးတဝိုက်မြို့ တွေက လူတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

သပိတ်စခန်းဖွင့်ဖို့ကို ခွင့်ပြုချက်တောင်းထားတာ ၂ပတ်ပဲဖြစ်ပေမယ့် တိုက်ပွဲကြားပိတ်မိနေတဲ့လူတွေ မလွတ်မြောက်မချင်း သပိတ်စခန်းကိုဖွင့်လှစ်တောင်းဆိုသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့၊ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေ က ဆက်လက် ပြင်းထန်နေဆဲဖြစ်ပါတယ်။ အင်ဂျန်းယန်နဲ့ မြစ်ကြီးနားမြို့ အနီး အပါအဝင် စုစုပေါင်း မြို့နယ် ၁၈ ခု ထဲက ၁၀ ခုမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် ထွက်ပြေးရတဲ့ စစ်ပြေး ဒုက္ခသည် တွေ ပိုများလာနေပါတယ်။