ရခိုင်ပဋိပက္ခ စွပ်စွဲချက်တွေ အသေအချာ စုံစမ်းဖို့လို

Image caption ရခိုင်ပြည်နယ်က အပြန် နေပြည်တော် လေဆိပ်မှာ လုံခြုံရေးကောင်စီ သံတမန်တွေ ရှင်းလင်းပြောဆို

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံတွေက သံတမန်တွေ ပါတဲ့ အဖွဲ့က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ရိုဟင်ဂျာတွေ အပေါ် လုံခြုံရေး တပ်ဖွဲ့တွေက ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ အသေအချာ စုံစမ်း စစ်ဆေးဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့် ရဲစခန်းတွေ ပြီးခဲ့တဲ့နှစ်က အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရ ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ တွေက နယ်မြေ ရှင်းလင်းမှု လုပ်ဆောင်စဉ် သိန်းနဲ့ ချီပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ အရေး စုံစမ်းဖို့ မြန်မာ နိုင်ငံကို ရောက်လာတဲ့ လုံခြုံရေးကောင်စီ အဆင့်မြင့် ကိုယ်စားလှယ်တွေ မေလ ၁ ရက်နေ့က ပြဿနာ ဖြစ်ရာ ရခိုင်ဒေသကို သွားရောက်ခဲ့ အပြီး တိုက်တွန်း လိုက်တာပါ။

ကုလ သမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Karen Pierce က ကျူးလွန်သူတွေ တာဝန်ယူ တာဝန်ခံမှု ရှိဖို့ရာ သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ လိုအပ်တယ်လို့ ပြောဆိုပြီး အဲဒီလိုလုပ်ဖို့ နည်းလမ်းနှစ်ခုရှိတယ်လို့လည်း ပြောခဲ့ ပါတယ်။

ပထမ တစ်နည်းက ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးက တဆင့် စုံစမ်း စစ်ဆေးဖို့ ဖြစ်ပြီး နောက်တစ်နည်း ကတော့ မြန်မာ အစိုးရ ကိုယ်တိုင် စုံစမ်းဖို့ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်က အပြန် နေပြည်တော် လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံ ခဲ့တုန်းကလည်း ဒီ ကိစ္စကို ထောက်ပြ ပြောဆို ခဲ့ပြီး မြန်မာ အစိုးရကို သက်သေ အထောက်အထား အခိုင်အမာပေးရင် အသေအချာ စစ်ဆေး သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောတယ်လို့ ဗြိတိန် သံအမတ်ကြီးက ပြန်ပြော ပါတယ်။

မြန်မာ နိုင်ငံတွင်း အရေးယူ ဆောင်ရွက်တာတွေ ရှိတာ သိပေမဲ့ ပိုမို ထိထိရောက်ရောက် လုပ်ဖို့ လိုသေးပြီး နောက်ထပ် စုံစမ်း စစ်ဆေးဖို့ လိုသေးတယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုမှုကို မူတည်ပြီး နောက်တဆင့် ဘာဆက်လုပ်မယ် ဆိုတာ လုံခြုံရေး ကောင်စီက စဉ်းစား ဆုံးဖြတ်မယ်လို့လည်း Karen Pierce က ပြောပါတယ်။

လုံခြံရေးကော်စီ အဖွဲ့ဝင် ကူဝိတ် သံအမတ်ကြီး Mansour Ayyad Al-Otaibi က တော့ ဒုက္ခသည်တွေ အမြန်ဆုံး အိမ်ပြန်နိုင်အောင် လုပ်ဆောင်ဖို့ တိုက်တွန်း ပါတယ်။

အဲဒီအတွက် UNHCR လို UNDP လို ကုလ သမဂ္ဂ အဖွဲ့တွေက မြန်မာ အစိုးရနဲ့ နားလည်မှု စာချွှန်လွှာ ထိုးဖို့ လုပ်ဆောင်နေတယ်လို့ သိထားပြီး အမြန်ဆုံး အကောင်အထည် ဖေါ်စေချင်တယ်၊ ဒုက္ခသည်တွေ သူတို့သဘောအရ လုံခြုံ စိတ်ချစွာ ပြန်လာ နိုင်ဖို့လိုတယ်လို့ လည်း ကူဝိတ် သံအမတ်ကြီးက ပြောပါတယ်။