တရားရေးဝန်ထမ်း ၁၀၀ ကျော် အရေးယူခံရ

Image caption NLD အစိုးရ တက်လာပြီး နောက်ပိုင်း တရားရေး မဏ္ဍိုင်က အဝေဖန်ခံရဆုံး

အများပြည်သူ ရဲ့တိုင်ကြားမှုတွေ အရ တရားရေးဝန်ထမ်း ၁၀၀ ကျော်ကို ပြီးခဲ့တဲ့နှစ်က အရေးယူခဲ့ တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မေလ ၂ ရက်နေ့က ထုတ်ပြန်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ၂၀၁၇ ခုနှစ် အတွက် နှစ်ပတ်လည် အစီရင်ခံစာမှာ အဲဒီ အရေးယူမှုတွေကို ဖော်ပြထားပါတယ်။

အများပြည်သူ တိုင်ကြားတဲ့အတွက် တရားရေးနဲ့ ဆိုင်တဲ့ အရာထမ်း ၈၈ ယောက်နဲ့ အမှုထမ်း ၇၂ ယောက်ကို အရေးယူခဲ့ တယ်လို တရားလွှတ်တော်ချုပ်ရဲ့ လက်ထောက် ညွန်ကြားရေးမှူးဦး ဇော်ဇော်ထွန်းက ပြောပါတယ်။

အဲဒီလို အရေးယူခံရတဲ့ အရာထမ်းတွေ ထဲမှာ မြို့နယ်နဲ့ ခရိုင် အဆင့် တရားသူကြီးတွေ ပါဝင်ပြီး အရေးယူမှု အပြစ်ပေးမှုတွေ ထဲမှာထောင်ဒဏ် ချမှတ်တာ၊ တာဝန်က ရပ်ဆိုင်းတာနဲ့ ရာထူးလျှော့တာ တွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း တရားရေးနဲ့ဆိုင်တဲ့ အရာထမ်း ၇၅ ဦးနဲ့ အမှုထမ်း ၄၁ ဦးတို့ကို အရေးယူ ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်

တရားရေး မဏ္ဍိုင်ဟာ NLD အစိုးရတက်လာပြီး နောက်ပိုင်းမှာ ဝေဖန် အခံရဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

အခုလို အရေးယူ ဆောင်ရွက်မှုတွေ နှစ်စဉ် လုပ်လာပေမဲ့ တိုင်ကြားမှု တစ်ခုတည်းကို အခြေခံပြီး ဆောင်ရွက်တယ် ဆိုရင်တော့ တရားရေး မဏ္ဍိုင် တည့်မတ်အောင် ဆောင်ရွက်ရေး နှေးကွေး လိမ့်မယ်လို့ တရားသူကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပဲခူးတိုင်း ဒေသကြီးဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၆ လလောက်က စတင်ပြီး လွှတ်တော်နဲ့အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ဆောင်ရွက်ချက် တွေကြောင့် တရား ရေးမဏ္ဍိုင်မှာ ပြောင်းလဲမှုတွေ စတင်တွေ့ရပြီး အထူးသဖြင့် လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ဆင်ခြင်လာတာ တွေ့ရတယ် လို့လည်း သူက ဆိုပါတယ်။

တရား လွှတ်တော်ချုပ်ကလည်း တရားရေး မဏ္ဍိုင်တည့်မတ်ဖို့ မဟာဗျူဟာရေး ဆွဲ ဆောင်ရွက်လာသလို အရေးယူ ဆောင်ရွက် လာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်ဆောင် လာပေမဲ့ တရားရေး မဏ္ဍိုင်မှာ လာဘ်စားမှုတွေ အခုချိန်ထိ ရှိနေသေး တယ်လို့ လေ့လာသူတွေကပြောဆိုနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ