သတင်းသမားတွေ အပေါ် ဖိအားပေးမှုတွေ ပိုတိုးလာနေ

ဓာတ်ပုံ မူပိုင် AFP
Image caption ကင်ညာနိုင်ငံက နိုင်ငံတကာ သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ချီတက်ပွဲ

ကမ္ဘာတလွှားမှာ သတင်းသမားတွေအပေါ် ဖိအားပေးမှုတွေ ပိုတိုးလာနေတယ်လို့ UNESCO ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုနဲ့ သိပ္ပံဆိုင်ရာ အဖွဲ့က သတိပေးလိုက်ပါတယ်။

အခုအခါ ကမ္ဘာတလွှားမှာ သတင်းသမားတွေဟာ သူတို့အပေါ် တိုက်ခိုက်မှု၊ နှောင့်ယှက်မှုတွေနဲ့ ကြုံနေရတယ်လို့ နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အဖြစ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အွန်လိုင်းပေါ်ကနေ စောင့်ကြည့်တာ ၊ ဆင်ဆာ ဖြတ်တောက်မှုတွေ တိုးလာနေတာဟာ လွတ်လပ်စွာ ပြောဆိုခွင့် ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

အာဖဂန် နစ္စတန်မှာ ဘီဘီစီ သတင်းထောက် အပါအဝင် သတင်းထောက် ဆယ်ယောက် အသတ်ခံရပြီး ရက်ပိုင်းအတွင်းမှာ အခုလို အစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ အာဏာပိုင်တွေရဲ့ စစ်ကြော မေးမြန်း နှိပ်စက်မှုတွေနဲ့ ကြုံနေရတဲ့ ဘီဘီစီ ပါရှန်းဌာန က ဝန်ထမ်းတွေကို ထောက်ခံကြောင်း ပြတဲ့အနေနဲ့ လန်ဒန်မြို့က ဘီဘီစီ ဝန်ထမ်းတွေကလည်း ဌာနချုပ်မှာ လာရောက် စုရုံးခဲ့ကြပါတယ်။

သတင်းသမား တွေကို ကာကွယ်ပေးဖို့ လူ့အခွင့် အရေး ကောင်စီကို ဘီဘီစီပန်ကြား

RSFရဲ့ သတင်းလွတ်လပ်ခွင့် ဇယားမှာ အဆင့်၁၃၇ ကို မြန်မာ ကျ

မြန်မာနိုင်ငံမှာတော့ သတင်း မီဒီယာ လွတ်လပ်ခွင့်ဟာ အလုပ်ဖြစ်လောက်အောင် ရှိနေပေမယ့် အခက်အခဲတွေ ရှိနေသေးတယ် ဆိုတာကို အသိအမှတ် ပြုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဘီဘီစီကို ပြောပါတယ်။

မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား ဖြစ်နေတဲ့ ဥပဒေ တချို့ကို ပြင်ဆင်၊ ဖျက်သိမ်း၊ ပြန်အသစ် ရေးဆွဲတာမျိုး လုပ်နိုင်အောင် စိစစ် သုံးသပ်နေတယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ က ထုတ်ပြန်တဲ့ ၂၀၁၇ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ ဇယားမှာ မြန်မာနိုင်ငံကို အဆင့် ၁၃၇ မှာ ဖေါ်ပြထားပါတယ်။

၂၀၁၆ခုနှစ်တုန်းကတော့ မြန်မာနိုင်ငံဟာ အဆင့် ၁၃၁မှာ ရှိခဲ့ပြီး အဆင့် ၆ဆင့် ထပ်ကျသွားတာ ဖြစ်ပါတယ်။