ဖားကန့် မြေပြို ၁၄ ဦးသေဆုံး ပျောက်ဆုံးသူရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ဖားကန့်က လုပ်ငန်းခွင်တခုကို တွေ့ရစဉ်

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာနားမှာ မနက် ၃ နာရီ ခွဲကျော်လောက်က မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး ၁၄ ဦးရှိတယ်လို့ ဖားကန့် ဝှေခါကျေးရွာ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးချစ်ကောင်းက မေလ ၄ ရက် မနက် ၁၁ နာရီ လောက်က ဘီဘီစီကို ပြောပါတယ်။

မနက် ၁၁ နာရီလောက်အထိ တွေ့တဲ့ အလောင်း ၁၂ လောင်းနဲ့ ဒဏ်ရာရပြီး သေဆုံးသူ ၂ ဦးရှိတဲ့အတွက် သေဆုံးသူ ၁၄ ဦးရှိပြီလို့ ဦးချစ်ကောင်းက ပြောပါတယ်။

သေဆုံးသူတွေဟာ ရေမဆေးကျောက်ရှာသမားတွေ ဖြစ်တယ်လို့ ဦးချစ်ကောင်းက ပြောပါတယ်။

နေ့စဉ် မနက် ၄ နာရီကနေ ၆ နာရီဆိုတဲ့ အချိန်ဟာ ရေမဆေးကျောက်ရှာသမားတွေ ကျောက်ရှာဖွေဖို့ ကုမ္ပဏီတွေဘက်က ခွင့်ပြုထားတဲ့ အချိန်လည်း ဖြစ်တဲ့အတွက် ကျောက်ရှာဖို့ ရောက်ရှိနေသူတွေအနေနဲ့ အခုလို မြေပြိုတော့ ပါသွားတာ ဖြစ်တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

ဒဏ်ရာရသူတွေကိုလည်း ဖားကန့်ဆေးရုံကို သယ်သွားနေတာတွေ့ရပြီး မြေပြိုချိန်မှာ အဲဒီဧရိယာမှာ အနည်းဆုံး လူ ၃ဝ လောက်ရှိနေနိုင်တယ်လို့ မျက်မြင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဦးချစ်ကောင်းက ပြောပါတယ်။

ဖားကန့် ဒေသက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကလည်း မြေပြိုမှုဖြစ်ပွားခဲ့တာ မှန်ကန်ပြီး အလောင်းတချို့တွေ့ရတယ်လို့ မနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှာ ဘီဘီစီကို အတည်ပြု ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မိုးရွာထားတဲ့အတွက် မြေတွေကလည်း ပျော့နေတော့ ကျောက်လုပ်ကွက်တွေမှာ မြေပြိုနိုင်မှု အန္တရာယ်ရှိတဲ့ အချိန်လည်း ဖြစ်နေတယ်လို့ ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ