ကန့်သတ် တားဆီးခံခဲ့ရတဲ့ မွန် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ပြီ

ဓာတ်ပုံ မူပိုင် MOI
Image caption မွန် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မေလ ၅ ရက်ကနေ မေလ ၇ ရက်အထိ ကျင်းပနေ

မွန်ပြည်သစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မေလ ၅ ရက်ကနေ မေလ ၇ ရက်အထိ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ကျင်းပနေပါတယ်။

မွန်ပြည်သစ်ပါတီဟာ NLD အစိုးရအဖွဲ့ လက်ထက်အတွင်းမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။

အခုဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ချမှတ်ထားတဲ့ ကဏ္ဍ ၄ ခုကို အပြန်အလှန် ၃ ရက်ကြာ ဆွေးနွေးကြမယ်လို့ ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

အခုဆွေးနွေးပွဲက ပထမဆုံးကျင်းပတဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲလည်းဖြစ် မွန်ပါတီ ၃ ပါတီကလည်း ဦးဆောင်ပါဝင်ကြလို့ ပွဲကျင်းပရာမှာ မွန်စကား မွန်စာပေနဲ့သာ ကျင်းပချင်ပေမယ့် မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တက်ရောက်လာသူ တစ်ချို့ကြောင့် ဗမာစကားနဲ့ ပြောဆိုကျင်းပတာကို ဝေဖန်ပြောဆိုမှုတွေ ရှိနေတယ်လို့လည်း တက်ရောက်လာသူ တစ်ချို့က ပြောဆိုနေကြပါတယ်။

ဒီလိုဆွေးနွေးရာမှာ အောက်ခြေလူထုအထိ ကိုယ်စားပြုပါဝင်နိုင်ဖို့ အစုအဖွဲ့ ၅ စုဖွဲ့ပြီး အချိုးကျကိုယ်စားလှယ်တွေကို ဖိတ်ကြားဆွေးနွေးမှု ပြုစေတယ်လို့လည်း ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မူလက မော်လမြိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ခွင့်မပြုလို့ ကျင်းပခွင်ပေးတဲ့ ရေးမြို့မှာ ကျင်းပရာမှာ သွားလာရေး ခက်ခဲမှုတွေ ရှိနေတယ်လို့ ပွဲဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။

အစုအဖွဲ့ ၅ စုမှာ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အရပ်ဖက်လူမှုအဖွဲ့တွေနဲ့ ဖိတ်ကြားသင့်တဲ့ တတ်သိပညာရှင် အစုအဖွဲ့ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးကြတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။

ဆွေးနွေးပွဲမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝသယံဇာတဆိုပြီး ကဏ္ဍ ၄ ခုကို ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

NCA ကို လက်မှတ်ရေးထိုးမှုနဲ့ ပတ်သတ်ပြီး မွန်ပြည်သစ်ပါတီက လူထုရှင်းလင်းပွဲတွေလုပ်ဖို့ မွန်ပြည်နယ်အတွင်းက မြို့နယ် ၅ မြို့မှာ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရ စစ်တပ်ဘက်က ကန့်ကွက်ခဲ့တဲ့အပြင် လူဦးရေကိုလည်း ၃၀ ဦး လောက်သာ ပြုလုပ်ဖို့ ကန့်သတ်ခံခဲ့ရပါတယ်။

အဲဒီလို့ ကန့်ကွက်တားဆီးတွေ ခံခဲ့ရအပြီး အခုချိန်မှသာ ရေးမြို့မှာပဲ မွန်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ