ကိုကိုးကျွန်းပြန် ရဲဘော်ဖေအောင် ကွယ်လွန်

ဓာတ်ပုံ မူပိုင် Tun Win Nyein' facebook
Image caption အာဏာရှင်အဆက်ဆက်ကို ဖြိုချလိုစိတ်နဲ့ နိုင်ငံရေးလှုပ်ရှားခဲ့သူဖြစ်

ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်ဟောင်းနဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ကိုကိုးကျွန်းကို အပို့ခံခဲ့ရတဲ့ ကိုကိုးကျွန်းပြန်ရဲဘော်ဖေအောင်ဟာ အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မေလ ၅ ရက်နေ့ နေ့လည်ပိုင်းက ကွယ်လွန်ခဲ့တာဖြစ်ပြီး ၇ ရက်နေ့ ရေဝေးသုသာန်မှာ သဂြိုလ်မှာ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သူ ဦးဖေအောင်ဟာ ကျောင်းသားမျိုးဆက် အဆက်ဆက်အတွက် အတုယူစရာဖြစ်ခဲ့ပြီး ကျောင်းသားလှုပ်ရှားမှု သမိုင်းကို တောက်တောက်ပြောင်ပြောင်ရေးနိုင်ခဲ့သူ ဖြစ်ပြီး သူကွယ်လွန်သွားတာဟာ ကျွန်တော်တို့အတွက် ဆုံးရှုံးမှုတခုလို့လည်း ပြောလို့ရတယ်လို့ ၈၈ မျိုးဆက် တဦးဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။

၁၉၆၃ ခုနစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပျက်ပြီးနောက် ဦးဖေအောင်ဟာ အဖမ်းခံရတဲ့ လူတွေထဲပါခဲ့ပြီး ကိုကိုးကျွန်းကို ပို့ဆောင်ခံခဲ့ရတာပါ။

၁၉၇၁ ခုနစ် ဇွန်လ ၉ ရက်ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၅၁ ရက်တိုင်တိုင် ကိုကိုးကျွန်းအကျဉ်းစခန်း ဖျက်သိမ်းရေး အစာငတ်ခံဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီဆန္ဒပြတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၈ ဦးကျဆုံးခဲ့ရပြီး ဦးဖေအောင်တို့လည်း ပါဝင်ခဲ့ပါတယ်။

ရန်သူနဲ့ ကိုယ်နဲ့အကြားမှာ စည်းပြတ်ပြတ်ခြားရမယ်ဆိုတာ ပြခဲ့တဲ့ တိုက်ပွဲနဲ့ အဖိနှိပ်ခံနဲ့ ဖိနှိပ်သူအကြားမှာ အသက်စွန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်းတိုက်ပွဲ လုပ်ခဲ့တဲ့ သမိုင်းမှာ ကိုကိုးကျွန်းအကျဉ်းစခန်း ဖျက်သိမ်းရေးလှုပ်ရှားမှုဟာ အထင်ရှားဆုံး သမိုင်းဖြစ်တယ်လို့လည်း ကိုမြအေးက သုံးသပ်ပါတယ်။

Image caption နိုင်ငံပိုင်သတင်းစာပါ နာရေးကြော်ငြာ

စိတ်ဓာတ်နဲ့ တိုက်ရင် အာဏာရှင်ကို နိုင်အောင်တိုက်နိုင်တယ်။ ကျောင်းသား လယ်သမား ၊ မြို့နေဆင်းရဲသား လူထုလူတန်းစားအားလုံးနဲ့ မီဒီယာတွေရဲ့ ညီညွတ်မှုနဲ့ ပြည်သူတွေထမ်းထားရတဲ့ အာဏာရှင်တံပိုးကို ဖြိုချရမယ်လို့ ၂၀၁၇ ခုနစ်က ပြုလုပ်ခဲ့တဲ့ ၄၆ နှစ်မြောက် ကိုကိုးကျွန်းပြန် ပြည်သူ့သူရဲကောင်းနေ့အခမ်းအနားမှာ ရဲဘော်ဖေအောင်က ပြောခဲ့ပါတယ်။

ရဲဘော်ဖေအောင်ဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အုံ ပြန်ဆောက်ရေး ကိစ္စမှာလည်း သမဂ္ဂအဆောက်အအုံနဲ့အတူ နိုင်ငံရေးအရ လွတ်လပ်ပွင့်လင်းတဲ့ သမဂ္ဂတွေပေါ်ပေါက်လာဖို့ တောင်းဆိုမှုဘက်က ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။