ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည် တချို့ ပြည်တော်ပြန်

ဓာတ်ပုံ မူပိုင် MOI facebook
Image caption မြန်မာ တာ၀န်ရှိ သူတွေက ဒုက္ခသည် တယောက်ကို ကျပ်တသိန်းစီ ထောက်ပံ့ကြေးပေး

ထိုင်း မြန်မာနယ်စပ် တလျှောက်မှာ ရှိတဲ့ မြန်မာ နိုင်ငံသား စစ်ပြေး ဒုက္ခသည် စခန်းတွေက ဒုက္ခသည် တချို့ဟာ တနင်္လာနေ့မှာ ပထမ ဆုံး အသုတ် အဖြစ် မြန်မာနိုင်ငံ ထဲကို ပြည်တော်ပြန် ဝင်ရောက် ခဲ့ကြပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် မှာ ပထမဆုံး အနေနဲ့ မြန်မာ နိုင်ငံကို ပြန်သွားကြတဲ့ ဒီဒုက္ခသည် တွေဟာ၊ ထိုင်းမြန်မာ နယ်စပ် ဗန့်သွန့်ရန်၊ ဗန့်မဲ့လ၊ ဗန့်နို့ဖိုး၊ အုန်းပြန့်နဲ့ ဗန့်မိုင်နိုင်ဆွိုင် ဒုက္ခသည် စခန်းတွေက ဒုက္ခသည် တွေဖြစ်ကြပြီး စုစုပေါင်း ၉၃ ယောက်ဖြစ် ပါတယ်။

ထိုင်းနိုင်ငံက ပြည်ထဲရေး ၀န်ကြီးဌာန ဒုက္ခသည် ရေးရာ ဌာန ညွှန်ကြားရေးမှူး နိုင်ဆွမ်ဒွန်က သူတို့ကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဉီးမျိုးမြင့်သန်း လက်ထဲကို တနင်္လာနေ့ မွန်းလွဲ ၂ နာရီမှာ မဲဆောက်မြို့ က ထိုင်းလူ၀င်မှု ကြီးကြပ်ရေးရုံးမှာ လွှဲပြောင်း ပေးလိုက် ပါတယ်။

အဲဒီကနေ၊ ထိုင်းနိုင်ငံ ဆိုင်ရာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိ သူတွေ IOM နိုင်ငံ တကာ ရွှေ့ပြောင်း နေထိုင်သူများ ရေးရာအဖွဲ့ တာ၀န်ရှိသူတွေနဲ့ အတူ ဒီ ဒုက္ခသည် တွေကို မြ၀တီမြို့ ကကျောက်လုံးကြီး ကြိုဆိုရေး စခန်းကို ခေါ်ဆောင်သွားပါတယ်။

ဓာတ်ပုံ မူပိုင် MOI facebook
Image caption ဒီဒုက္ခသည် တွေဟာ သူတို့ ကိုယ်ပိုင် ဆန္ဒနဲ့ ပြန်ကြတာလို့ ဆိုပါတယ်

အဲဒီမှာ ကရင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ တာ၀န်ရှိသူတွေက နှုတ်ခွန်းဆက် စကားတွေပြောပြီး သူတို့ကို ကြိုဆို လက်ခံခဲ့ကြ ပါတယ်။

ထိုင်းနဲ့ မြန်မာ တာ၀န်ရှိသူတွေ ကတော့၊ ဒီဒုက္ခသည် တွေဟာ သူတို့ ကိုယ်ပိုင် ဆန္ဒနဲ့ ပြန်ကြတာလို့ ဆိုပါတယ်။

မြန်မာ တာ၀န်ရှိ သူတွေက ဒုက္ခသည် တယောက်ကို ကျပ်တသိန်းစီ ထောက်ပံ့ကြေးပေးပြီး တခြား အသုံး အဆောင်တွေကို ပေးအပ်ပါတယ်။ UNHCR ကတော့၊ လူကြီး တယောက်ကို ခရီးစရိတ် ဘတ် ၁၈၀၀ နှုန်းစီနဲ့ ပြန်လည်ထူ ထောင် ရေးအတွက် လူကြီး တယောက်ကို ဘတ်ငွေ ၅၄၀၀နဲ့ ခလေး တယောက်ကို ဘတ်ငွေ ၃၆၀၀ နှုန်းစီ ထောက်ပံ့ ပေးတယ်လို့ သိရပါတယ်။

သူတို့မွေးရပ်မြေကိုရောက်ရင်၊မြန်မာအစိုးရ တာ၀န်ရှိ အဖွဲ့အစည်းတွေက သူတို့ရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးမယ်လို့ အခု ဒုက္ခသည် တွေ ကပြောပါတယ်။

အယောက် ၂၀ က ထိုင်းနိုင်ငံ မဲဟောင်ဆောင် ကနေ ကယားပြည်နယ်က တဆင့် ပြန်သွားကြပါတယ်။ မြ၀တီလမ်းကြောင်းက ပြန်သွား တဲ့ ၇၃ ယောက်ဟာ၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ မြ၀တီနဲ့ မြောက်ဒဂုံ၊ လှည်းကူး၊ သနပ်ပင်နဲ့ ကလေးမြို့ တွေက ဖြစ်ကြ ပါတယ်။