ဝေါအမတ် အိမ်ရှေ့ စိတ်ကြွဆေးပြားထုပ်တွေ့

ဓာတ်ပုံ မူပိုင် Myo Myat's Facebook
Image caption အပြားရေ ၃၈၀ ပါရှိ WY စိတ်ကြွဆေးပြား

ပဲခူးတိုင်း ဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးရဲ့ နေအိမ်ခြံဝင်းအပြင်နားမှာ WY စိတ်ကြွဆေးပြား အထုပ်လိုက် လာထားသွားတဲ့ ကိစ္စ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း ထားတယ်လို့ ဝေါရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

တရားခံကိုတော့ ဖမ်းမိထားတာ မရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

မင်းလမ်း ချမ်းမြသာရပ်ကွက်က လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးရဲ့ နေအိမ်ရှေ့ ၁၀ ပေခန့်အကွာ ခရေပင်အောက်က သစ်သားပြားအောက်မှာ လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်စိုက်ထူဖို့ ပြင်ဆင်နေတုန်း မေလ ၇ ရက် ညနေပိုင်းက တွေ့ရှိခဲ့ရတာလို့ ဦးတင်ထွေးက ဘီဘီစီကို ပြောပါတယ်။

စိတ်ကြွဆေးပြားအထုပ်ကို လက်သမားတွေက စတွေ့ခဲ့တာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်ကို လာပြတဲ့အတွက် ရဲတပ်ဖွဲ့ကို ဦးတင်ထွေးက အကြောင်းကြားခဲ့ရာက ညနေပိုင်းမှာ ရဲတွေက လာရောက် ရှာဖွေ သိမ်းဆည်း သွားခဲ့ပါတယ်။

အပြားရေ ၃၈၀ ပါရှိပြီး ပလပ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ အဲဒီအထုပ်ကို အပင်အောက်နားက သစ်သားပြားနဲ့ ဖုံးထားတဲ့ နေရာမှာ ထားထားတဲ့အပြင် ဘေးမှာ စံပယ်ပင်တွေလည်း ရှိနေတဲ့အတွက် ရုတ်တရက်ဆိုရင် ဆေးပြား ထုပ်ထားတဲ့ အထုပ်မှန်းမသိနိုင်ဘူးလို့လည်း ဦးတင်ထွေးက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ