ဘဏ်တိုးနှုန်းချမှု ဗဟိုဘဏ်နဲ့ အညီလို့ KBZ ဘဏ်ပြော

ဓာတ်ပုံ မူပိုင် KBZ Bank Facebook
Image caption ကမ္ဘောဇဘဏ်ဘဏ်တိုးနှုန်း

ကမ္ဘောဇဘဏ်ကနေ မကြာသေးခင်က အတိုးနှုန်းတွေ လျှော့ချ ပြင်ဆင် သတ်မှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်ဘက် ချမှတ်ထားတဲ့ ငွေကြေး မူဝါဒတွေနဲ့ သွေဖည်နိုင်ပြီး ဘဏ်လုပ်ငန်းမှာ ထိခိုက်နိုင်တယ်လို့ ဗဟိုဘဏ်ကနေ စာထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဇဘဏ်မှာ အပ်နှံထားတဲ့ ကာလရှည်အပ်ငွေတွေကို အရင် ၈.၂၅ ရာခိုင်နှုန်း အတိုးပေးရာကနေ ၈ ရာခိုင်နှုန်းအထိ လျှော့ချ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ ဗဟိုဘဏ်ကနေ ဘဏ်တွေအနေနဲ့ အပ်ငွေ အပေါ် ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ အတိုးပေးဖို့ ချေးငွေကို ၁၃ ရာခိုင်နှုန်းထက် ပိုမယူဖို့ သတ်မှတ်ထားပါတယ်။

ဒါကြောင့် ဘဏ်အပ်ငွေတွေကို လျှော့ချတာနဲ့ ပတ်သတ်လို့ ဗဟိုဘဏ်ဘက်က သူတို့ချမှတ်ထားတဲ့ ငွေကြေး မူဝါဒတွေနဲ့ သွေဖည် သွားနိုင်ပြီး ဘဏ်လုပ်ငန်းကဏ္ဍကို ထိခိုက်နိုင်တဲ့အပြင် နိုင်ငံ့စီးပွားရေး အထိပါ ထိခိုက်နိုင်တယ်လို့ မေလ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘောဇဘဏ် ဘက်ကတော့ သူတို့ရဲ့ အတိုးနှုန်းလျှော့ချတဲ့ လုပ်ဆောင်ချက်ဟာ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ အတိုးနှုန်းညွှန်ကြားချက်နဲ့ ကိုက်ညီတယ်လို့ ပြောပါတယ်။

ယခင်အပ်ငွေ တနှစ်လက်ခံရာကနေ အခုအခါမှာ ကနေ ၃ နှစ်အထိ သက်တမ်းတိုးမြှင့်လက်ခံလိုက်တယ်။ နှစ်နှစ်ဆိုရင် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းပေးထားပြီး ထူးခြားတဲ့ သတ်မှတ်ထားတဲ့ ပမာဏ ၁၀. ၇၅ အထိ ပေးထားတယ်။ ဖွံ့ဖြိုးဆဲဖြစ်တဲ့အတွက် ချေးငွေ အပေါ် အတိုးနှုန်းလျှော့ဖို့ ညှိနှိုင်းတာတွေ ရှိတဲ့အတွက် ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်စရာ အကြောင်းမရှိဘူးလို့ ကမ္ဗောဇဘဏ်ရဲ့ ဒုတိယအမှုဆောင်ချုပ် ဦးအောင်ကျော်မျိုးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption စီးပွားရေး လုပ်ငန်းတွေက နှေး၊ အရောင်းအဝယ်လည်းနှေး

ဗဟိုဘဏ်ဘက်က ၂ဝဝ၃ ခုနှစ်ကလို ဘဏ်လုပ်ငန်းတွေ မတည်မငြိမ်ဖြစ်မှာ စိုးရိမ်လို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး ထိန်းသိမ်းနေတာ ဖြစ်ပြီး အခုထုတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေက စွန့်စားမှု များတဲ့ချေးငွေတွေနဲ့ ပတ်သက်ရင် မစွန့်စားစေချင်ပုံပဲလို့ ဦးအောင်ကျော်မျိုးက ဆိုပါတယ်။

ဘဏ်တိုးနှုန်းပြောရရင်တော့ သတ်မှတ်ချက်က လောလောဆယ် ၁၃ ရာနှုန်းမှာ ငွေဖောင်းပွမှုက လောလောဆယ် ၅ လောက်ပဲရှိတယ်။ ဘဏ်တိုးနှုန်းအရမ်းများတဲ့ အခြေအနေကို ရောက်သွားပြီး ပြင်ပမှာ စီးပွားရေး လုပ်ငန်းတွေက နှေး၊ အရောင်းအဝယ်လည်းနှေးတော့ ဘဏ်ချေးငွေ အတိုးနှုန်း ၉ ရာခိုင်နှုန်းလောက်ပဲ ရှိသင့်တယ်လို့ ထင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ပြောပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်စနစ်နဲ့ အတိုးနှုန်းအားလုံးကို ခြုံငုံတောင်းဆိုနေတာဖြစ်ပြီး ကမ္ဗောဇဘဏ်ကတော့ Fixed Deposit လောက်ပဲ လျှော့ချတာဖြစ်ကာ လုပ်ငန်းရှင်တွေတောင်းဆိုနေတာနဲ့ သူတို့လျှော့ချတာ လုံးလုံးလျားလျား သက်ဆိုင်မှုတော့ မရှိဘဲ အနည်းအကျဉ်းသာ သက်ဆိုင်တယ်လို့ မောင်ဝိတ်က ပြောပါတယ်။

အခုလို စာရင်းသေအပ်ငွေ လျှော့ချတာဟာ ပုဂ္ဂလိကဘဏ်တွေအနက် ကမ္ဗောဇဘဏ်က ပထမဆုံးပြုလုပ်ခဲ့တာဖြစ်ပြီး ကျန်ဘဏ်တွေဘက်က လိုက်ပါ ပြောင်းလဲခြင်း ရှိမရှိ အပေါ်တော့ မသိသေးဘူးလို့ စီးပွားရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ