ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေ ကူဖို့ ထိုင်းမင်းသမီးပြော

ထိုင်းမင်းသမီး ပရီးယားဆွပ်ဒေါ့မိုင်းကို ကရင်ဒုက္ခသည်တွေနဲ့အတူတွေ့ရစဉ် ဓာတ်ပုံ မူပိုင် UNHCR
Image caption ထိုင်းမင်းသမီး ပရီးယားဆွပ်ဒေါ့မိုင်းကို ကရင်ဒုက္ခသည်တွေနဲ့အတူတွေ့ရစဉ်

နာမည်ကြီး ထိုင်းရုပ်ရှင်မင်းသမီး တယောက်ဖြစ်တဲ့ ပရီးယား ဆွပ်ဒေါ့မိုင်း (Priya Suandokmai) က ဆီးရီးယားဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင် ဒုက္ခသည်တွေကိုကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ပူး လို့ပရိသတ်သိများတဲ့ ထိုင်းမင်းသမီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာပွဲတခုအပြီး ထိုင်းသတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်တာဖြစ် ပါတယ်။

မွတ်ဆလင် ဒုက္ခသည်တွေ တတ်နိုင်တဲ့ဘက်ကကူညီဖို့ ပူး က ထိုင်းနိုင်ငံသူ နိုင်ငံသား တွေကို တိုက်တွန်းပြောဆို သွားပါတယ်။

ထိုင်းမင်းသမီးပူးဟာ ထိုင်းမြန်မာဒုက္ခသည် ကူညီထောက်ပံ့ပေးရေး အပါအဝင် နိုင်ငံတကာ အနှံ့အပြားက ဒုက္ခသည်အရေးကိုလည်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးအဖွဲ့နဲ့ စွမ်းစွမ်းတမံ ပူးပေါင်း လုပ်ဆောင် နေသူပါ။

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း သွားရောက် လည်ပတ်ခဲ့ဖူးပြီး ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံစကားပြောတာတွေ လုပ်ခဲ့ပါတယ်။

မြန်မာဒုက္ခသည်တွေ အတွက် ရန်ပုံငွေရှာပွဲ စတာတွေလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။