ရိုက်တာ သတင်းထောက်တွေ အမှု ဒုရဲမှူး မိုးရန်နိုင်ကို စစ်ဆေး

ဓာတ်ပုံ မူပိုင် EPA
Image caption သူ့ကို ထောင်ချတာဟာ အမှန်တရား ဖော်ထုတ်မယ့် နောက်ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်လိုက်တာလို့ ဒုရဲမှူး မိုးရန်နိုင်ပြော

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲ ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ အမှုနဲ့ပတ်သက်လို့ မေလ ၉ရက်နေ့မှာ တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင်ကို စစ်ဆေးခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ရဲက အကွက်ဆင် ထောင်ဖမ်းခဲ့တယ်လို့ ပြောခဲ့တဲ့အတွက် တရားလိုပြ သက်သေ ဒုရဲမှူး မိုးရန်နိုင်ဟာ ရဲတပ်ဖွဲ့ စည်းကမ်း ချိုးဖောက်တယ် ဆိုပြီး ရဲတရားရုံးက ထောင်ဒဏ်တနှစ် ချမှတ်ခံ ထားရပါတယ်။

ရိုက်တာ အမှု ဒုရဲမှူး ထောင် တစ်နှစ်ကျ

ရိုက်တာ သတင်းသမားတွေ ထောင်ဖမ်း ခံရတာလို့ ရဲဘက်ကထွက်ဆို

ရိုက်တာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့စဉ်တုန်းက ရဲတပ်ရင်းက သက်သာ လဘက်ရည်ဆိုင် လူမြင်ကွင်းမှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဘာစာရွက် စာတမ်းမှ ပေးအပ်ခဲ့တာမျိုး မရှိဘူးလို့ ဒုရဲမှုး မိုးရန်နိုင်က ထွက်ဆိုခဲ့ပါတယ်။

သတင်းထောက်တွေကို တွေ့ဆုံခဲ့ပြီးနောက်ပိုင်း အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ သူတို့ စစ်ဆေးခံနေရချိန်မှာ ရဲမှူးချုပ် တင်ကိုကိုက လျှို့ဝှက် စာရွက်စာတမ်းတွေကို ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ပေးပြီး ဖမ်းဖို့ စီစဉ် ညွန်ကြားခဲ့တာကို ကြားသိခဲ့ရတယ်လို့ ဒုရဲမှူး မိုးရန်နိုင်က တရားရုံးမှာ အသေးစိတ် ထွက်ဆိုခဲ့ပါတယ်။

ဒီလို ထွက်ဆိုချက်အရ သတင်းထောက် နှစ်ယောက်ရဲ့ အမှု အလားအလာ ကောင်းလာမယ်လို့ မျှော်လင့်ကြောင်းနဲ့ စာရွက်စာတမ်း တကယ်ပေးသူနဲ့ ပေးဖို့ စေခိုင်းခံရသူတွေက လွတ်မြောက်နေတယ် ဆိုရင် စာရွက်ယူသူတွေအနေနဲ့ အပြစ်ကင်းတယ်လို့ ယူဆကြောင်း ရိုက်တာ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ဘီဘီစီကို ပြောပါတယ်။

ဒုရဲမှူးမိုးရန်နိုင်က သူ့ကို ထောင်ချလိုက်တာဟာ အမှန်တရားကို ဖော်ထုတ်မယ့် နောက် ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်လိုက်တာပဲလို့ တရားရုံးက အထွက်မှာ မီဒီယာတွေကို ပြောသွားခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အင်းဒင်ရွာ လူသတ်မှု အကြောင်း စုံစမ်း ဖော်ထုတ် ရေးသားနေစဉ် အခုလို ရဲတပ်ဖွဲ့က နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက သတင်းထောက် နှစ်ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ထောက်ကြံ့မှာ ချိန်းဆို တွေ့ဆုံခဲ့ချိန် ရဲတပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်က စစ်တပ် လှုပ်ရှားမှု မှတ်တမ်းတချို့ကို သူတို့ကို ပေးခဲ့အပြီး အပြန်လမ်းမှာ သတင်းထောက်တွေ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ