ဝန်ကြီးချုပ် တင်မြှောက်ခွင့်ရရေး ဖွဲ့စည်းပုံပြင်ဖို့ NLD ကို တိုက်တွန်း

ဓာတ်ပုံ မူပိုင် Hline Tint Zin Wai's Facebook
Image caption ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦ

ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်မှာ တိုက်ရိုက်တင်မြှောက်ခွင့်ရရှိစေဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပေးဖို့အတွက် အန်အယ်လ်ဒီအစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းကြောင်း ကြေညာချက်ကို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကနေ ထုတ်ပြန်လိုက်ပါတယ်။

အခုအချိန်မှာ အန်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်ဖို့ တက်တက်ကြွကြွမရှိတော့သလို ဖြစ်နေပေမယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံး မပြိုင်နိုင်တဲ့ တိုင်းရင်းသားတွေအဖို့က ကိုယ့်ပြည်နယ်ကို အုပ်ချုပ်ခွင့်ရဖို့ ဒီပုဒ်မက အရေးကြီး နေတဲ့အတွက် ဖွဲ့စည်းပုံကို တစုံလုံးတောင် မပြင်နိုင်သေးရင်တောင် ဒီလိုအရေးကြီးပုဒ်မတွေကို ပြင်ဖို့လိုလာတဲ့အတွက် တိုက်တွန်းရတာဖြစ်တယ်လို့ အန်ဘီအက်ဖ်အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောက ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ပထမသက်တမ်းတုန်းက ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆွေးနွေးမှုတွေမှာ အဲဒီတုန်းက အတိုက်အခံပါတီဖြစ်နေတဲ့ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေက ဒီပုဒ်မကို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။

ဒါပေမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအပြီး ဒေသအလိုက် အနိုင်ရတဲ့ တိုင်းရင်းသားပါတီအချို့က ပြည်နယ်ဝန်ကြီးချုပ်ကို ဒေသခံတိုင်းရင်းသား ပါတီတွေက အမတ်တွေကို တာဝန်ပေးအပ်ရေး တောင်းဆိုလာရာမှာ မပြေလည်မှုတွေ ရှိခဲ့တာပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ( ခ) ၁ အရတော့ ပြည်နယ် နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို တင်မြှောက်ရာမှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေထဲက တ ယောက်ကို သမ္မတက ခန့်အပ်ရတာ ဖြစ်နေပြီး ဒေသအလိုက်လွှတ်တော်တွေကနေ တိုက်ရိုက်တင်မြှောက်ခွင့်မရှိဘဲ ဖြစ်နေတာပါ။

ဒေသအလိုက်နိုင်ခဲ့တဲ့ ပါတီတွေကို အန်အယ်လ်ဒီက ပြည်နယ်ဝန်ကြီးချုပ်ပေးခဲ့ရင် အခုလို တိုင်းရင်းသားတွေနဲ့ အန်အယ်လ်ဒီအကြား မကြေလည်မှုတွေ ကြီးကြီးမားမား ဖြစ်လာနိုင်စရာရှိခဲ့မှာ မဟုတ်သလို ဒီလိုပုဒ်မတွေကို ပြင်ဆင်နိုင်အောင် အန်အယ်လ်ဒီ လွှတ်တော်အနေနဲ့ ကြိုးပမ်းခြင်းဖြင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်သွားဖို့အတွက် တကယ်ဆန္ဒရှိနေတယ်ဆိုတာ လက်တွေ့ ပြသခြင်း ဖြစ်ပါလိမ့်မယ်လို့ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ဦးသက်ဇင်က မှတ်ချက်ပြုပါတယ်။

၂၀၀၈ အခြေခံ ဥပဒေစတင်အသက်ဝင်ပြီး စကျင့်သုံးတဲ့ ကာလကနေ ဒီကနေ့အထိ ၈ နှစ်လောက်ကိုပြန်ကြည့်ရင် ဗဟိုအစိုးရကနေအကုန်လုံးချုပ်ကိုင်နေတာဟာ အလုပ်လည်းမဖြစ်တဲ့အတွက် ဒေသန္တာရ အစိုးရနဲ့ လွှတ်တော်တွေကို လုပ်ပိုင်ခွင့်တိုးမြှင့်ပေးဖို့ လိုအပ်မှုတွေလည်း တွေ့နေရတယ်လို့ ဦးသက်ဇင်က သုံးသပ်ပါတယ်။

တကယ်တော့ ပုဒ် ၂၆၁ ကို ပြင်ပြီး ဒေသအလိုက်လွှတ်တော်တွေကနေ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးချယ်ခွင့်ပေးခဲ့ရင်တော့ ၂၀၀၈ အခြေခံဥပဒေအရ ဗဟိုမှာ လုပ်ပိုင်ခွင့်အများကြီးရှိသေးတဲ့အတွက် ဗဟိုနဲ့ ဒေသအစိုးရတွေ အကြား ညှိနှိုင်းဆောင်ရွက်လို့ရနိုင်တဲ့ အနေထားမျိုးဖြစ်တယ်လို့ ဦးသက်ဇင်က ပြောပါတယ်။

၂၀၀၈ အခြေခံ ဥပဒေအရတော့ အဲဒီပုဒ်မ ၂၆၁ ကို ပြင်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲနဲ့ ပြင်ဆင်ခွင့်ရှိနေတာဖြစ်ပါတယ်။