ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး လူ၈ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် MOI
Image caption မိုးရေကြောင့် ကားဘီးချော်ပြီး လမ်းဘေး ချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့

ပဲခူးတိုင်း အင်းမမြို့နယ်ထဲမှာ ခရီးသည်တင်ယာဉ် တစီး တိမ်း မှောက်ခဲ့တာကြောင့် လူ ၈ဦး သေဆုံးပြီး ယာဉ်ပေါ်ပါ သူ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ရန်ကုန်-တောင်တွင်းကြီး-မကွေး- မန္တလေး ပြေးဆွဲနေတဲ့ မြရတနာ ခရီးသည်တင်ယာဉ်ဟာ တောင်တွင်းကြီးကနေ ရန်ကုန်ကို ပြန်ထွက်လာစဉ် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်ပေါ် လိုက်ပါလာသူ ၄၈ ဦး အနက် ၈ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ ၈ ဦးထဲမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ဦး အပြင် အသက် ၂ နှစ်အရွယ် ကလေးငယ်တဦး ပါဝင်ပါတယ်။

ဒဏ်ရာရသူ အယောက်၂ဝ အနက် လေးယောက်က ဒဏ်ရာ ပြင်းထန်တဲ့အတွက် အင်းမ ဆေးရုံကနေ ပြည်ဆေးရုံကို လွှဲပြောင်း ပို့ဆောင်ပြီး ဆေးကုသ ပေးနေပါတယ်။

ဇာတ်သဘင် အဖွဲ့ကား ချောက်ထဲ ထိုးကျပြီး လူ ၆ ဦးသေ

ဓာတ်ပုံ မူပိုင် MOI
Image caption ပိတ်မိနေသူတွေကို မီးသတ် တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်

လမ်းဘေးမြောင်းထဲ ထိုးကျသွားတဲ့ မော်တော်ယာဉ်ပေါ်မှာ ပိတ်မိနေသူတွေကို မီးသတ် တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ပေးခဲ့ကြကြောင်းနဲ့ ဆေးရုံတင်ဖို့ သူ့ကားနဲ့ ခေါ်သွားသူ တဦးကတော့ ကားပေါ်မှာတင် အသက် ဆုံးသွားကြောင်း အခင်း ဖြစ်ဖြစ်ချင်းမှာ ကိုယ်တိုင် သွားရောက် ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတ ပါရမီ လူမှုကယ်ဆယ်ရေး အသင်း ဥက္ကဋ္ဌ ကိုဇော်ထက်က ပြောပြပါတယ်။

ယာဉ်မတော်တဆမှု မဖြစ်ပွားခင် မေလ ၁ဝ ရက် ညနေကတည်းက မိုးကြီးပြီး လေပြင်း တိုက်တာတွေ ရှိခဲ့အတွက် အခင်းဖြစ်ပွားရာ လမ်းမအနီးမှာ ရေလွှမ်းနေသလို သစ်ပင်တွေ လဲကျတာတွေ ရှိခဲ့တယ်လို့ ကိုဇော်ထက်က ပြောပါတယ်။

အခု ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ နေရာမှာ အရင်က မတော်တဆ ဖြစ်ပွားတာမျိုး မရှိခဲ့ဖူးဘူးလို့ သိရပါတယ်။

လူ ၈ ဦး သေဆုံးတဲ့ အထိ ဖြစ်စေခဲ့တဲ့ ဒီယာဉ်တိမ်းမှောက်မှုက မောင်းနှင်သူကို ယာဉ်ဥပဒေ ပုဒ်မ၊ လူသေမှု ပုဒ်မတွေနဲ့ အမှုဖွင့် ထိန်းသိမ်း ထားတယ်လို့ အင်းမမြို့နယ် ရဲစခန်းက တပ်ကြပ်ကြီး လှဘော်သူက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယာဉ် မတော်တဆမှုပေါင်း တစ်သောင်း ခုနှစ်ထောင် ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ငါးထောင်ကျော် အထိ ရှိခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ