၀န်ကြီးဌာနချင်း ချိတ်ဆက်မှု အားနည်းဆဲ

ဓာတ်ပုံ မူပိုင် Wai Moe Facebook
Image caption အန်အယ်လ်ဒီလက်ထက်မှာ ဗဟိုချုပ်ကိုင်မှု ပိုမိုများပြား

၂ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ အန်အယ်လ်ဒီအစိုးရရဲ့ ဝန်ကြီးဌာနတွေအနေနဲ့ ဌာနအချင်းချင်း ချိတ်ဆက်အကောင်ထည်ဖော်မှု မူဝါဒ အားနည်းနေဆဲဖြစ်တယ်လို့ အေးရှားဖောင်ဒေးရှင်းက ထုတ်ဝေတဲ့ စီမံခန့်ခွဲမှု အပြောင်းအလဲနဲ့ အုပ်ချုပ်မှုဆိုင်ရာ မူဝါဒ သုတေသန စာတမ်းမှာ ဖော်ပြပါတယ်။

ဝန်ကြီးဌာနအများစုဟာ သီးသန့် အလုပ်တွေကိုသာ လုပ်နိုင်ပြီး ဝန်ကြီးဌာန တခုနဲ့တခု ချိတ်ဆက်အကောင်ထည်ဖော်မှ အောင်မြင်မယ့် ကိစ္စတွေမှာတော့ အောင်မြင်အောင် ချိတ်ဆက်နိုင်မှု အားနည်းနေတယ်လို့ အေးရှားဖောင်ဒေးရှင်းက ထုတ်ပြန်တဲ့ မူဝါဒရေးရာ အစီအရင်ခံစာ က ဆိုပါတယ်။

ပြည်ထောင်စု အဆင့်မှာတောင် စီမံကိန်းတွေနဲ့ စီမံချက်တွေကို အကောင်ထည်ဖော်ရာမှာ ဝန်ကြီးဌာနတခုနဲ့ တခု ချိတ်ဆက်မှု မရှိဘဲ ကြုံသလိုလုပ်တဲ့အချက်တွေကို တွေ့နေရတဲ့အတွက် ဆိုင်ရာ ဌာနအတွက် တာဝန်ယူထားတဲ့ ဝန်ကြီးတွေ ဟာ တခြားဌာနတွေအကြောင်းကို ချိတ်ဆက် နားလည်နိုင်စွမ်း အတော်အားနည်းတာမျိုး တွေ့နေရတယ်လို့ စာတမ်းကို ရေးသားသူ ဒေါက်တာ ဆုမွန်သဇင်အောင်က ပြောပါတယ်။

တနိုင်ငံလုံးတပြေးညီချမှတ်ရမယ့် ဈေးကွက်စီးပွားရေးနဲ့ ပတ်သက်တဲ့ မူဝါဒ တွေမှာလည်း ဝန်ကြီးဌာနတွေအလိုက် ကိုင်စွဲပုံက မတူညီတာမျိုးတွေ ရှိနေတယ်လို့ ထောက်ပြပါတယ်။

ဥပမာအားဖြင့် ၂၀၁၆ ခုနစ် စက်တင်ဘာလမှာ ညောင်ရွှေ အပါအဝင် ဒေသ ၃ ခုမှာ ဟိုတယ်တွေကို တည်းခိုမယ့်သူမရှိတဲ့အတွက် တည်ဆောက်ခွင့် ကန့်သတ်ဖို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ကြိုးစားခဲ့ပြီး အစိုးရက ဝင်စွက်ဖက်မှ သင့်တော်မယ်ဆိုတဲ့ သဘောမျိုး ပြောတာ တွေ့ခဲ့ပါတယ်။

စီးပွားကူးသန်းကတော့ ကုန်ဈေးနှုန်းတက်တာကို အစိုးရက ထိန်းချုပ်လို့ မရဘူးဆိုတဲ့ မူဝါဒမျိုး ပြောဆိုခဲ့တာ တွေ့ရတဲ့အတွက် ဝန်ကြီးဌာန အချင်းချင်းကြားမှာတောင် ဈေးကွက်စီးပွားရေးဆိုင်ရာ အခြေခံသဘောတရား ဆိုင်ရာချဉ်းကပ်မှုမှာ တည်ငြိမ်မှု မရှိတာတွေ့ရတယ်လို့ အေးရှားဖောင်ဒေးရှင်း စာတမ်းက ဆိုပါတယ်။

လွတ်လပ်တဲ့ ဈေးကွက်ယန္တရားကို ဘယ်ပမာဏလောက်အထိ နိုင်ငံမှာ ကျင့်သုံးမလဲဆိုတဲ့ တပြေးညီ မူဝါဒလည်း မရှိဘူးလို့ အစီအရင်ခံစာက ဆိုပါတယ်။

ဥပမာအားဖြင့် အစိုးရက ရင်းနှီးမြှပ်နှံမှုကို ဖိတ်ခေါ်နေချိန် အထပ်အမြင့် အဆောက်အဦး တည်ဆောက်မှု ချက်ခြင်းရပ်ခိုင်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရင်းနှီးမြှပ်နှံသူတွေအတွက် လန့်စရာ ကိစ္စဖြစ်ခဲ့သလိုမျိုးတွေပေါ့ လို့ ဒေါက်တာ ဆုမွန်သဇင်အောင်က ဥပမာပေးပြောဆိုပါတယ်။

တကယ်လို့ တည်ဆောက်မှုမှာ အဂတိလိုက်စားမှု သံသယဝင်စရာအချက်ကို တွေ့နေရတယ်ဆိုရင်တောင် တခုလုံးချက်ခြင်းရပ်မလား ၊ ဘယ်အပိုင်းကို အရေးယူမလဲ ချက်ခြင်းရပ်လိုက်လို့ ဆုံးရှုံးမှုနဲ့ အကျိုးရလဒ်ဘယ်လိုရှိနိုင်တယ် ၊ နည်းစနစ်မှန်မှန် နဲ့ တခြားရင်းနှီးမြှပ်နှံမှုတွေကို ထိခိုက်နိုင်မနိုင် စတဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပြီးမှ မူဝါဒ အကောင်ထည်ဖော်သင့်တယ်လို့ သုတေသန စာတမ်းမှာ ဖော်ပြပါတယ်။

ဌာနတွေအလိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားနည်းတဲ့ ပြဿနာက အရင်ကတည်းက ရှိနေတာဖြစ်ပြီး ဆုံးဖြတ်ချက်တွေက မြန်မြန်ဆန်ဆန်မချနိုင်ဘဲ အစိုးရဌာနတော်တော်များများကလည်း ကိုယ့်ဌာနအကြောင်းလောက်သာ သိပြီး အခြားဌာနတွေနဲ့ပူးပေါင်းမှ အောင်မြင်ရမဲ့ ကိစ္စ ( ဥပမာအားဖြင့် ခရီးသွားလုပ်ငန်း ပို့ဆောင်ရေး ၊ လဝက ၊ ဟိုတယ်ခရီး) စသဖြင့် ဌာနအလိုက် ချိတ်ဆက်ရတဲ့ လုပ်ငန်းတွေမှာ အားနည်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ကိစ္စတွေအတွက် ကက်ဘိနက် ကော်မတီ အစည်းအဝေးတွေမှာ မကြာခဏ စုဆုံဆွေးနွေးတာတွေ ရှိသင့်တယ်လို့ အကြံပြုထားပြီး ဒါမှသာ ဝန်ကြီးဌာနတွေရဲ့ ဆောင်ရွက်နေမှုကို တခြားဌာနကလည်း သိနိုင်မယ်လို့ ဆိုပါတယ်။

အသွင်ကူးပြောင်းရေးမှာ အစိုးရရဲ့ အာဏာဗဟိုချက်က ဘယ်သူလဲ ဘယ်လို ဆုံးဖြတ်ကြသလဲဆိုတာကို အဓိက လေ့လာတဲ့ အဲဒီစာတမ်းမှာ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်နဲ့ အန်အယ်လ်ဒီ အစိုးရကို နှိုင်းယှာဉ်ဖော်ပြထားတဲ့ စာတမ်းမှာ ပြည်ခိုင်ဖြိုးအစိုးရအနေနဲ့ အာဏာစက်ဝန်းကို ပိုချဲ့ကစားပြီး လူထုနဲ့ လွှတ်တော် ထိန်းကျောင်းမှုအရ အောက်ခြေနဲ့ ပိုမို ဆက်ဆံ ကစားပြီး အုပ်ချုပ်မှုယန္တရား ပိုချဲ့တာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

လေ့လာမှုအရ အန်အယ်လ်ဒီလက်ထက်မှာ ဗဟိုချုပ်ကိုင်မှု ပိုမိုများပြားပြီး မူဝါဒလည်ပတ်မှုအရ ခေါင်းဆောင်တဦးတယောက်တည်းကို မူတည်လည်ပတ်တဲ့အတွက် အကျိုးရလဒ် ထွက်မှုကလည်း လျော့နည်းသွားတာ တွေ့ရတယ်လို့ အေးရှားဖောင်ဒေးရှင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

ခေါင်းဆောင်တဦးတယောက်တည်းအပေါ် အားပြုလည်ပတ်မှုပိုများပြီး ခေါင်းဆောင်ကလည်း အလုပ်တွေ ပိလွန်းနေတယ်လို့ ဒေါက်တာဆုမွန်သဇင်အောင်က ပြောပါတယ်။

အခြေခံ ဥပဒေအားဖြင့် ဖန်တီးထားတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတိုင်ပင်ခံရှိတဲ့ ဝန်ကြီးဌာနတွေမှာ အာဏာဗဟိုချက်က ပိုပြီးရှိနေတာတွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အကြီးမားဆုံးစိန်ခေါ်မှုကတော့ ဌာနအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းတာ ၊ အချက်အလက်ဆိုင်ရာ တွေ့ရှိချက်တွေကို အခြေခံပြီး စီမံခန့်ခွဲနိုင်စွမ်း ၊ နိုင်ငံရေးအရ သြဇာရှိသူကိုပဲ တည်မှီအုပ်ချုပ်နေတာထက် အင်စတီကျူးရှင်းအလိုက် ကောင်းမွန်အောင် ဖြန့်ဝေလုပ်ဆောင်နိုင်စွမ်းရှိမရှိ နဲ့ စီမံခန့်ခွဲနိုင်မှု အားနည်းချက်တွေက ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားဖြစ်လာဖို့အတွက် စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ အေးရှားဖောင်ဒေးရှင် အစီရင်ခံစာက ဆိုပါတယ်။