မြောက်ဦး အုပ်ချုပ်ရေးမှူး သတ်ခံရမှု ရွာသား ၃ဦးလွတ်

Image caption သူတို့ရဲ့ နစ်နာမှု တွေကို ဘယ်လို ဆောင်ရွက် ပေးမှာလဲ ဆိုပြီးတော့လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က မေးခွန်း ထုတ်ခဲ့

ရခိုင် ပြည်နယ်၊ ပုဏ္ဍားကျွန်း မြို့နယ် မှာ ဇန်နဝါရီလ ၃၀ ရက်နေ့ တုန်း က ဖြစ်ခဲ့တဲ့ မြောက်ဦး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် သတ်ဖြတ် ခံရမှု နဲ့ ပတ်သက်ပြီး ဖမ်းဆီး ခံထားရတဲ့ တိမ်ညို ရွာသား သုံးယောက် ကို တရားရုံး က တရားရှင် လွှတ်ပေး လိုက်ပါတယ်။

အဲဒီ လူတွေ ဟာ မြောက်ဦး အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် စီးလာတဲ့ ကားပိုင်ရှင် ရဲ့ ထုတ်ဖော် ဝန်ခံ ချက် ကြောင့် အေအေ ရခိုင် တပ်မတော် နဲ့ ဆက်စပ်သူတွေလို့ စွပ်စွဲ ခံရပြီး ဖမ်းဆီး ခံခဲ့ရတာပါ။

တိမ်ညို ရွာသားတွေ ဖြစ်တဲ့ ကိုကျော်မြင့်၊ ကိုဝင်းလှိုင် နဲ့ ကိုအောင်ကျော်ထွန်း တို့ သုံးဦးဟာ မတရား အသင်း နဲ့ ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖမ်းဆီး ခံခဲ့ရတာပါ။

၄ လ ကျော်ကြာ စစ်ပြီး နောက်မှာတော့ စွဲချက် မတင် ထိုက်တဲ့ အမှု ဖြစ်တာကြောင့် တရားရှင် လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဒီအမှု ကို လိုက်ပါ ဆောင်ရွက် ပေးခဲ့တဲ့ ရှေ့နေ ဒေါ်အေးနုစိန် က ဘီဘီစီ ကို ပြောကြား ပါတယ်။

သူတို့သုံးဦးဟာ ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရမှုမှာ ပါဝင်သူတွေ မဟုတ်ဘဲ၊ လုပ်ကြံ ခံရစဉ်က စီးလာတဲ့ ကားပိုင်ရှင် ဦးကျော်မြင့်ကို ဖမ်းဆီး စစ်ဆေးရာကနေ အေအေနဲ့ ဆက်စပ်သူတွေ ဖြစ်တယ် ဆိုပြီး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ကြရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Image caption မြောက်ဦးပဋိပက္ခဖြစ်ပွားရာ ခရိုင် အုပ်ချုပ်ရေးမှူးရုံး

ဖေဖော်ဝါရီလကနေ အဖမ်းခံရသူတွေ ဖြစ်ကြပြီး ၄ လနီးပါး အချုပ်ထဲမှာ နေထိုင်ခဲ့ကြရပါတယ်။ အချိန် အတော်ကြာ ဖမ်းဆီး ခံခဲ့ရတဲ့ အတွက် သူတို့ရဲ့ နစ်နာမှု တွေကို ဘယ်လို ဆောင်ရွက် ပေးမှာလဲ ဆိုပြီးတော့လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က မေးခွန်း ထုတ်ခဲ့ပါတယ်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် အသတ်ခံရမှုမှာ သူစီးမယ့် ကားကို စီစဉ်ပေးခဲ့တဲ့ မြောက်ဦးမြို့နယ် တိန်ညိုရွာက ကျော်မြင့်(ခ)ခိုင်ကျော်၊ ၎င်းရဲ့ ဇနီး ဒေါ်ကြည်ကြည်ဝင်း အပါအဝင် လူ ၄ ဦးကိုတော့ ရန်ကုန်မှာ ဖမ်းဆီးမိခဲ့ပြီး လောလောဆယ်မှာတော့ စစ်တွေ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်း ထားပြီး မြောက်ဦးမြို့နယ် တရားရုံးမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
shweman