ARSA အကြမ်းဖက်မှုတွေ စစ်ဆေးဖို့ မြန်မာပြော

Image caption ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ ဧပြီလကုန်က မြန်မာခရီးစဉ်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ပြီးခဲ့တဲ့ လကုန်ပိုင်းက သွားခဲ့တဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက ရခိုင်အရေး ဆိုင်ရာ သူတို့ ခရီးစဉ်နဲ့ ပတ်သက်လို့ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ မေလ ၁၅ ရက်က တင်ပြ ခဲ့ကြပါတယ်။

လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေက နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေကို အမြန်ဆုံး ပြန်လည် လက်ခံရေး၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ထိထိရောက်ရောက် အရေး ယူရေးနဲ့ နေရပ် ပြန်လာသူတွေ အတွက် စိတ်ချ လုံခြုံတဲ့ အခြေ အနေတွေ ဖန်တီးပေးဖို့ စတာတွေကို အကြံပြု တိုက်တွန်းခဲ့ တယ်လို့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကပြောပါတယ်။

မြန်မာ အစိုးရရဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သဘောထား ရပ်တည်ချက် ကိုလည်း သံအမတ်ကြီးက ထပ်မံ ပြောဆိုပြီး နိုင်ငံတကာရဲ့ စွပ်စွဲချက် တွေကို ပြန်လည် တုံ့ပြန် ချေပခဲ့ ပါတယ်။

ရခိုင်ပြည်နယ် ကနေ နေရပ်စွန့် ထွက်ပြေး ခဲ့ကြသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ မြန်မာ ဘက်က ဇန်နဝါရီလ ၂၃ ရက် ကတည်းက အဆင်သင့် ဖြစ်နေ ပေမယ့် လုံခြုံရေး အကြောင်းပြချက်၊ နေရပ်ပြန်မယ့်သူ တွေက မပြန်လိုသေးဘူးဆိုတဲ့ အကြောင်းပြချက် စတာ တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုပြီး အခုချိန်ထိ ပြန်မပို့သေးတာလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံရေး ကောင်စီ အဖွဲ့နဲ့ ဒုက္ခသည်တွေတွေ့

ဘင်္ဂလားဒေ့ရှ်ဘက်က ပို့လာတဲ့ ပြန်လာချင်သူတွေ စာရင်းကို စိစစ်ပြီး မှန်ကန်တဲ့ အတွက် လက်ခံမယ်လို့ စာရင်းပေး ထားသူ ၂၁ဝဝ ရှိတယ်လို့ လည်း မြန်မာ သံအမတ်ကြီးက ပြောပါတယ်။

နေရပ်စွန့်ခွာ သွားသူတွေကို ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က နှောင့်နှေးအောင် လုပ်ဆောင်မှု အပါအဝင် နှစ်နိုင်ငံ သဘောတူညီချက်တွေ အတိုင်း လိုက်နာ ဆောင်ရွက်မှု မရှိတာ စိတ်ပျက် စရာ ကောင်းတယ်လို့ လည်း သူက ပြောပါတယ်။

နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေးအတွက် ဖွဲ့ထားတဲ့ နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းအဖွဲ့က မေ ၁၇ ရက်မှာ ဒါကာမှာ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေနဲ့ ဟိန္ဒူတွေ အပေါ် ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ARSA အဖွဲ့ ရဲ့ အကြမ်းဖက်မှု တွေကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ထုတ်ဖော် ပြောဆိုပြီး စုံစမ်းစစ်ဆေးဖို့ ဦးဟောက်ဒိုဆွမ်းက တိုက်တွန်း ပါတယ်။