ပြည်ပ အာမခံ ကုမ္ပဏီတွေကို ခွင့်ပြုတော့မယ်

ဓာတ်ပုံ မူပိုင် မြန်မာ့ အာမခံ လုပ်ငန်း ဖေ့ဘုတ်
Image caption မြန်မာ့ အာမခံ လုပ်ငန်း

မြန်မာနိုင်ငံတွင်း အာမခံ လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့ ပြည်ပ ကုမ္ပဏီတွေကို အစိုးရက လုပ်ကိုင်ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။

ပြည်ပက လာရောက်လုပ်ကိုင်မယ့် အာမခံ ကုမ္ပဏီတွေကို အစိုးရက ချမှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ တိုင်းတာပြီး ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ခွင့်ပြု ဆောင်ရွက်သွားဖို့ ရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အခုလို လုပ်ကိုင်ခွင့်ပြုဖို့ မူအရ ခွင့်ပြုချက်ရရှိထားပြီး လုပ်ထုံး လုပ်နည်း အသေးစိတ်ကို ရေးဆွဲနေပြီလို့လည်း ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

ဒါပေမယ့် ပြည်ပ ကုမ္ပဏီတွေကို ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ပေးမှာလား၊ ဒါမှမဟုတ် ပြည်တွင်း ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်ခွင့်ပေးမှာလား ဆိုတာကတော့ လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အာမခံလုပ်ငန်းတွေမှာ ပိုမို တိုးတက် ကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ပြည်ပ အာမခံ ကုမ္ပဏီတွေကို ခွင့်ပြုတော့မယ်

လက်ရှိမှာတော့ မြန်မာနိုင်ငံတွင်း အာမခံ လုပ်ငန်းတွေကို ပြည်တွင်း ကုမ္ပဏီတွေကပဲ လုပ်ကိုင်ခွင့် ရထားတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ပြည်ပ အာမခံ လုပ်ငန်း ကုမ္ပဏီတွေကို ပြည်တွင်းမှာ ရာနှုန်းပြည့် ရင်းနှီး မြုပ်နှံခွင့် ပြုရင် ပိုမိုဝင်ရောက်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက သုံးသပ်ပါတယ်။

ဒါပေမယ့် ယှဉ်ပြိုင်မှု များလာရင် ပြည်တွင်း ကုမ္ပဏီတွေကို ထိခိုက်လာဖွယ် ရှိ မရှိ ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ ဒေါက်တာ စိန်မင်းက ပြောပါတယ်။

လက်ရှိမှာတော့ အစိုးရပိုင် မြန်မာ့ အာမခံ လုပ်ငန်းနဲ့ ပုဂ္ဂလိက အာမခံ လုပ်ငန်း ၁၁ ခုကို အစိုးရက ခွင့်ပြုထားပြီး အများစုက မီးအာမခံ၊ မော်တော်ကား အာမခံ၊ အသက် အာမခံနဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ ဆိုင်တဲ့ အာမခံ လုပ်ငန်းတွေ ဖြစ်ကြပါတယ်။

ဒါကြောင့်လည်း ခွင့်ပြုချက် ရမယ့် ပြည်ပ အာမခံ ကုမ္ပဏီတွေအနေနဲ့ ချေးငွေ ကိစ္စ၊ စီမံကိန်းနဲ့ ဆိုင်တဲ့ အာမခံ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရရင် စီးပွားရေးအတွက် ပိုမို အထောက်အကူ ဖြစ်မယ်လို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် တချို့က ထောက်ပြ ပြောဆိုကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ တက်လာပြီး နောက်ပိုင်း ရှေ့ပြေး စီမံချက်အနေနဲ့ သီလဝါ အထူးစီးပွားရေး ဇုန်ထဲမှာ ပြည်ပ အာမခံ ကုမ္ပဏီတွေကို ဖွင့်လှစ်ခွင့် ပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ