NVC ကိုင်သူ ခရီးသွားခွင့်ကိစ္စ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption NVC ကတ်ဟာ နိုင်ငံအတွင်းမှာ နေတယ်ဆိုတာကို အသိအမှတ်ပြု

မြန်မာနိုင်ငံမှာ နိုင်ငံသား စိစစ်မှု သက်သေခံ NVC ကတ်ပြား ကိုင်ဆောင်သူတွေ ခရီးသွားခွင့် ကန့်သတ်မှု လျှော့ချတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို မေလ ၂၀ ရက်နေ့မှာ ရန်ကုန်တိုင်းက မြို့နယ် သုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ပြီး လူအင်အား ၂၀ဝ ကျော် ပါဝင်ခဲ့ကြပါတယ်။

မရမ်းကုန်း၊ မင်္ဂလာဒုံနဲ့ ထန်းတပင်မြို့နယ်တွေမှာ အခုလို ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီ NVC ကတ်ကိုင်ပြီး စိတ်ကြိုက် သွားလာခွင့်ပေးရင် ARSA အကြမ်းဖက်သမားတွေ ရောနှော ပါဝင်လာနိုင်လို့ ဆန္ဒပြရတာလို့ ဦးဆောင် ပါဝင်သူ စာရေးဆရာ အမတ်ဒိန်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဆန္ဒပြပွဲ အတွင်းမှာ 'ဘင်္ဂါလီတွေကို နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် အလို မရှိကြောင်းနဲ့ တိုင်းရင်းသားတွေထက် ဘင်္ဂါလီတွေကို ဦးစားပေးတာ ရပ်' ဆိုတဲ့ တောင်းဆိုမှုတွေလည်း လုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption စစ်တွေမှာ အာဏာပိုင်တွေက ၂၀၁၈ ဇန်နဝါရီလမှာ NVC ကတ်တွေ ထုတ်ပေးခဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရီးစဉ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ ပြန်လာမယ့် နေရပ်စွန့်ခွာ သူတွေကို NVC ကတ် ထုတ်ပေးပြီး ၅ လအတွင်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခွင့်ပြုပေးမယ်၊ ကတ်ကိုင်ဆောင်သူတွေလည်း လွတ်လပ်စွာသွားလာခွင့် ရှိမယ်လို့ ပြောဆိုခဲ့ပြီး အဲဒီ နောက်ပိုင်းမှာ ဒါကို ကန့်ကွက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် NVC ကတ် ရရှိရုံနဲ့ ကြိုက်တဲ့နေရာ သွားခွင့်ပြုတယ်ဆိုတာ လုံးဝမဟုတ်ဘဲ NVC ကတ်ဟာ နိုင်ငံအတွင်းမှာ နေတယ်ဆိုတာကို အသိအမှတ်ပြုတာသာ ဖြစ်ကြောင်းနဲ့ စာရွက်စာတမ်း အထောက်အထားတွေ ခိုင်လုံမှ လုပ်ငန်းစဉ်အတိုင်း မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကနေ ဗဟိုအဆင့်အထိ စိစစ်ပြီး ဥပဒေနဲ့အညီ နိုင်ငံသားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံသားပြုခွင့်ရသူလားဆိုပြီး ပေးသွားမှာ ဖြစ်တယ်လို့ ဧပြီ ၂၅ ရက်က နေပြည်တော် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြန်လည် ရှင်းလင်း ပြောဆိုထားပါတယ်။

အခုလို NVC ကတ် ကိုင်တဲ့သူတွေကို ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီး အကြံပြုခဲ့တဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကလည်း NVC ကိုင်သူတွေက ပုံစံ ၄ ဆိုတဲ့ ဖောင်ကို ဖြည့်ပြီး ဒေသန္တရ အာဏာပိုင်တွေကို အဆင့်ဆင့် တင်ပြပြီးမှ ခရီးသွားခွင့်ရှိမှာ ဖြစ်ပြီး သွားချင်သလို သွားခွင့်ရမယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

NVC ကတ်ပြားတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေကိုပဲ ပေးတာမဟုတ်ပဲ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကတ်ပြား မရှိသူတွေကို စိစစ်ပြီး ထုတ်ပေးနေတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ် အတွင်း ဒီကတ်ပြားထုတ်သူ ငါးထောင်ကျော် ရှိတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပြီး လက်ရှိ ၂၀၁၈ ခုနှစ်အတွင်းမှာ ဒီကတ်ပြား ကိုင်ဆောင်ထားသူ သောင်းချီ ရှိလာပြီ ဖြစ်ပါတယ်။