ပြည်တွင်းစက်သုံးဆီဈေး ဆက်တိုက် တက်နေ

ဓာတ်ပုံ မူပိုင် MOI
Image caption ပြည်တွင်းစက်သုံးဆီဈေး နေ့စဉ်တက်နေ

စက်သုံးဆီဈေးနှုန်းတွေက သင်္ကြန်မတိုင်ခင်ကတည်းက သိသိသာသာ တက်နေခဲ့ပြီး ဒီရက်ပိုင်းမှာတော့ တလီတာကို မြန်မာငွေတဆယ်ကျပ်နှုန်း ကနေ နှစ်ဆယ်ကျပ်နှုန်းအထိ နေ့စဉ် တက်နေပါတယ်။

အခုလို ဈေးတက်နေတာက ကမ္ဘာ့ ရေနံစိမ်းဈေးတက်တာကြောင့် ဖြစ်ပြီး ဈေး မငြိမ်မချင်း ပြည်တွင်းဈေးကွက်ကို ထိန်းချုပ်ရခက်တယ်လို့ စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတွေက ဆို ပါတယ်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေကတော့ ဧပြီလကတည်းက မြင့်တက်ခဲ့ပြီး အခုတော့ ရေနံစိမ်း တစည်ကို ဒေါ်လာ ၇၁ ဒသမ ၃၇ အထိ ရှိနေပါတယ်။

ဒီလိုဈေးတက်တဲ့ အခါမှာ စင်္ကာပူကနေ တင်သွင်းလာတဲ့ စက်သုံးဆီကို သိုလှောင်ထားတဲ့ သီလဝါကဆီသိုလှောင်ကန်တွေ မလုံလောက်တာကြောင့် ဒီရက်ပိုင်းအတွင်း ဈေးနှုန်းဆက်တိုက် တက်နေရတာ ဖြစ်တယ်လို့ ရွှေဗျိုင်းဖြူ စက်သုံးဆီရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က ပြောပါတယ်။

စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချခွင့်ကို အရင်တုန်းက အစိုးရက ချုပ်ကိုင်ခဲ့ပြီး ပြီးခဲ့တဲ့၂၀၁၀ ဇွန်လလောက်ကျမှ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တွေကို ဖွင့်လှစ် ရောင်းချခွင့် ပေးခဲ့တာပါ။

စက်သုံးဆီဈေးနှုန်းတွေ ခုလိုမြင့်တက်နေတာကြောင့် အများပြည်သူနဲ့ ဆိုင်တဲ့ သယ်ယူ ပို့ဆောင်ခတွေနဲ့ ကုန်စည်ဈေးနှုန်းတွေ အထိ တက်လာနိုင်တယ်လို့ ကျော်ဇံ စက်သုံးဆီကုမ္ပဏီရဲ့ အကြီးတန်း အရာရှိ ကိုထင်အောင်ကျော်က ပြောပါတယ်။

လက်ရှိ တက်နေတဲ့ စက်သုံးဆီနှုန်းထားကတော့ လက်ရှိ အစိုးရ သက်တမ်းလေးနှစ်တာ ကာလမှာ ဈေးနှုန်း အမြင့်ဆုံးဖြစ်ပြီးတော့ ကမ္ဘာ့ရေနံဈေး ကျချိန်နဲ့ တချိန်ထဲ ပြန်ပီး ပြည်တွင်းဈေးနှုန်းကျဖို့ကို မျှော်လင့်နေကြပါတယ်။

ဘီဘီစီ တဝန်း