တိုင်တန်းချက်တွေကြောင့် ဖားကန့်က တပ်မမှူးကို အရန်အင်အားအဖြစ် ပြောင်းရွှေ့

Image caption ဖားကန့် ကျောက်တွင်း မြင်ကွင်း

ဖားကန့်ဒေသမှာ တာဝန်ကျတဲ့ တပ်မ ၁ဝ၁ ရဲ့ တပ်မမှူးဟာ ကျောက်တွင်းလုပ်ငန်းရှင်တွေဆီက လာဘ်ယူပြီး လုပ်ပိုင်ခွင့်တွေပေးတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့် ကျောက်တူးဖော်ရေး ကုမ္ပဏီပိုင်ရှင်တွေကို မြောက်ပိုင်းတိုင်း စစ်ဌာချုပ်မှာ အသုတ်လိုက်ခေါ်ပြီး စစ်ဆေးနေပါတယ်။

ကျောက်တွင်းဒေသမှာ တပ်မမှူး လုပ်ကိုင်နေတာနဲ့ ပတ်သက်လို့ မေးမြန်းတာ ဖြစ်တယ်ဆိုပြီးတော့ ခေါ်အစစ်ခံရတဲ့ ကျောက်ကုမ္ပဏီပိုင်ရှင်တယောက်က ပြောပါတယ်။

တရက်ကို ကုမ္ပဏီပိုင်ရှင် နှစ်ယောက်လောက် ခေါ်စစ်ပြီး ၁ဝ၁ တပ်မမှူးနဲ့ ဘယ်လိုဆက်စပ်သလဲ ဘာတွေအပေးယူလုပ်ဘူးသလဲ ဆိုတာမေးတဲ့အတွက် တပ်မမှူးလည်း အစစ်ဆေးခံနေရဖွယ် ရှိတယ်လို့ ခန့်မှန်းကြောင်း စစ်ခံရတဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကတော့ ဖားကန့်ဒေသမှာ ဖြစ်နေတဲ့ အခြေအနေတွေကို တိုင်ကြားစာတွေ အချက်အလက်တွေ ကို ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတုန်းက သံယဇာတ ဝန်ကြီးကို တိုက်ရိုက်တင်ပြခဲ့တယ်လို့ ပြောပါတယ်။

တခြားလွှတ်တော် ကိုယ်စားလှယ်တွေကလည်း တပ်မ ၁၀၁ တပ်မမှူးနဲ့ပတ်သက်လို့ လွှတ်တော်ဥက္ကဋ္ဌ အထိ တင်ပြတိုင်ကြားထားတာတွေ ရှိတယ်လို့လည်း ပြောကြပါတယ်။

လတ်တလော တပ်မတော်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကထွက်လာတဲ့သတင်းတွေအရ တပ်မ ၁ဝ၁ တပ်မမှူး ဗိုလ်မှူးချုပ်မောင်မောင်ဇံ အပြင် ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ဒုတပ်မမှူးနဲ့ ဗျူဟာမှူးကိုလည်း အရန်အင်အား အဖြစ် ပြောင်းပြီး နေပြည်တော် စစ်ဌာနချုပ်ကိုပို့ထားကြောင်း သိရပါတယ်။

ဒီကိစ္စ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးကြည့်တော့ ဒီသတင်းကြားသိကြောင်းနဲ့ အသေးစိတ်မသိရသေးကြောင်း ဖြေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဘီဘီစီ တဝန်း