အစိုးရတပ်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲဖြစ်၊ နှစ်ဘက်ကျဆုံး

Image caption မေလ(၃) ရက် (၉) ရက် (၁၄) နေ့ နှင့် မေ ၁၈ နေ့ တွေမှာ ချင်းပြည်နယ် ပလက်ဝ မြို့နယ် အထက်ပိုင်း နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် AA အကြား တနင်္ဂနွေနေ့က တိုက်ပွဲ ဖြစ်ပွားရာမှာ နှစ်ဘက် အကျဆုံးတွေ ရှိတယ်လို့ AA က သတင်း ထုတ်ပြန်ပါတယ်။

၄၅ မိနစ်ကြာ နှစ်ဘက် ပစ်ခတ်မှုတွေ အတွင်း အစိုးရတပ်ဘက်က ၉ ဦးကျပြီး၊ အများအပြား ဒဏ်ရာ ရရှိသွားသလို၊ AA ဘက်ကတော့ ၁ ယောက် ကျတယ်လို့ ရက္ခိုင့် တပ်မတော် ပြန်ကြားရေး ဌာန တာဝန်ခံ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ဒီ တိုက်ပွဲမှာ မြန်မာ့ တပ်မတော်ဘက်က အကျ အဆုံး များတယ်လို့ ပြောပေမယ့် မြန်မာ့ တပ်မတော်ဘက်က တစုံ တရာ ထုတ်ဖော် ပြောကြားတာ မရှိတဲ့ အတွက် အတည်ပြုဖို့ ခက်ခဲနေပါတယ်။

မြန်မာ့ တပ်မတော် စကခ(၁၅) လက်အောက်ခံ၊ ဘူးသီးတောင် အခြေစိုက် ခလရ(၂၆၃) တပ်ရင်းနဲ့ ရက္ခိုင့် တပ်မတော် တို့ မြန်မာ ဘင်္ဂလာဒေ့ရှ် နယ်စပ် ဘူးသီး တောင်မြို့နယ် အထက်ပိုင်းမှာ တနင်္ဂနွေ နံနက် ၈ နာရီ ကျော်က တိုက်ပွဲ ဖြစ်ပွားခဲ့ တာပါ။

အခု တိုက်ပွဲ ဖြစ်ပွားပြီးတဲ့ နောက်မှာ မြန်မာ့ တပ်မတော် ဘက်က တပ် အင်အားတွေ ဖြည့်တင်း နေတဲ့ အတွက် တိုက်ပွဲတွေ ဆက်ဖြစ် လာနိုင် တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

မြန်မာ့ တပ်မတော်နဲ့ AA တို့ အကြား မေလ(၃) ရက် (၉) ရက် (၁၄) နေ့ နှင့် မေ ၁၈ နေ့ တွေမှာ ချင်းပြည်နယ် ပလက်ဝ မြို့နယ် အထက်ပိုင်း နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့လည်း အဲဒီ ကြေညာချက် ထဲမှာ ဖော်ပြပါတယ်။

အခု တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ ဘူးသီးတောင်မြို့နယ် အထက်ပိုင်း နဟုန်း နဟန်းရွာ တွေက ဒေသခံတွေ ကလည်း တိုက်ပွဲ ဖြစ်ပွား ပြီးတဲ့ နောက်မှာ အထူး စိုးရိမ်မှုတွေ ရှိနေ ကြတယ်လို့ သိရှိရပါတယ်။

ဆက်စပ် အကြောင်းအရာများ