သတင်းထောက်တွေ မသိတဲ့ စာရွက်တွေ သက်သေတင်

ဓာတ်ပုံ မူပိုင် Reuters
Image caption မေလ ၂၁ ရက်နေ့ ရုံးချိန်းမှာ တွေ့ရတဲ့ သတင်းထောက် ကိုဝလုံး

နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီး ခံထားရတဲ့ ရိုက်တာ သတင်းထောက် တွေရဲ့ ရုံးချိန်းမှာ တရားရုံးကို သက်သေ အဖြစ် တင်သွင်း လာတဲ့ စာရွက် စာတမ်းတွေဟာ သူတို့ ကိုယ်တိုင် မသိ မမြင်ဖူး တာတွေ ပါလာတယ်လို့ သတင်းထောက်တွေ ဘက်က ပြောပါတယ်။

သတင်းထောက်တွေကို ဖမ်းဆီးချိန်က လက်ဝယ် တွေ့ရှိရတဲ့ လက်ကိုင်ဖုန်း တွေကို ထိန်းသိမ်း စစ်ဆေးခဲ့တဲ့ နည်းပညာ ကျွမ်းကျင်သူ မှုခင်းတပ်ဖွဲ့ ရဲမှုး အောင်ကျော်ဆန်းကို တရားလိုပြ သက်သေအဖြစ် မေလ ၂၁ ရက်နေ့ ရုံးချိန်းမှာ စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

ဖုန်းထဲမှာ တွေ့ရှိတဲ့ စာရွက်စာတမ်း ဓာတ်ပုံပေါင်း သောင်းချီရှိတဲ့ အထဲက စာရွက်စာတမ်း ၂၁ ရွက်ကို စစ်ဆေးဖို့ သက်သေအဖြစ် တရားရုံးမှာ ရဲမှုးက တင်ပြခဲ့ ပါတယ်။

အဲဒီ စာရွက်စာတမ်း တွေဟာ သက်သေခံ ဥပဒေအရ မူရင်းပုံနဲ့ တိုက်ဆိုင် စစ်ဆေးဖို့ လိုတယ်ဆိုပြီး သတင်းထောက်တွေရဲ့ ရှေ့နေက ကန့်ကွက်ခဲ့ သလို တရားသူကြီးကလည်း အဲဒီစာရွက် စာတမ်းတွေဟာ မူရင်းနဲ့ တိုက်စစ်ဆေးဖို့ လိုတယ် ဆိုပြီး လက်မခံခဲ့ပါဘူး။

ဒါကြောင့် အဲဒီ စာရွက်စာတမ်းတွေကို နောက်တစ်နေ့ ရုံးချိန်းမှာ မူရင်းနဲ့ တိုက်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဖုန်းထဲမှာ တွေ့ရတယ် ဆိုတဲ့ အချက်အလက် စာရွက် စာတမ်းတွေကို ဘယ်က ရတယ် ဆိုတာ မပြောနိုင်တဲ့ အတွက် ကန့်ကွက်တာလို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

သတင်းထောက် ကိုဝလုံးက တော့ သူတို့က ရဲတွေကို ကူညီပေးထားတဲ့ စာရွက်တွေကိုတော့ မပြဘဲ ဘယ်ကမှန်း မသိတဲ့ စာရွက် တွေကို တင်ပြလာတာဟာ သူတို့အပေါ် စွဲထားတဲ့ ပုဒ်မတွေနဲ့ မငြိ ငြိအောင် လုပ်နေသလားဆိုတာတောင် သံသယ ရှိမိတယ်လို့ ပြောပါတယ်။

သူတို့ အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၂၅ ယောက်ထဲက ၂၀ ယောက်မြောက် သက်သေ အဖြစ် ရဲမှူး အောင်ကျော်ဆန်းကို စစ်ဆေး မေးမြန်း ခဲ့တာပါ။

မေလ ၂၂ ရက် ရုံးချိန်း မှာလည်း သူ့ကိုပဲ ဆက်စစ်မေးမြန်းမှာ ဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် က ဖမ်းဆီးခဲ့ပြီး လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာ ၅ လ နီးပါး ကြာမြင့်လာပြီဖြစ်ပြီး ရဲဝန်ထမ်း တရားလိုပြ သက်သေ ၃ ယောက်ကို ဆက်လက် စစ်ဆေးဖို့ ကျန်ရှိ နေပါသေးတယ်။

ဆက်စပ် အကြောင်းအရာများ