လူမှုကွန်ရက်တွေကို စောင့်ကြည့်ဖို့ ကျပ်သန်းခြောက်ထောင် သုံးစွဲသင့် မသင့်

ဓာတ်ပုံ မူပိုင် Reuters
Image caption အမုန်းတရား မပြန့်ပွားအောင် ကြိုးစား လုပ်ဆောင်နေ

မြန်မာနိုင်ငံမှာ လူမှုကွန်ရက် စောင့်ကြပ်ကြည့်ရှုထိန်းကျောင်းရေးအဖွဲ့ (Social Media MonitoringTeam ) ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

Facebook လို ဆိုရှယ်မီဒီယာ ၊ လူမှုကွန်ရက်တွေ ကို ဥပဒေနဲ့အညီ စောင့်ကြည့်ဖို့ ဆိုပြီး အခုလို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ဒီအဖွဲ့အတွက် ငွေကျပ် ၆၄၂၆ သန်း ကိုသုံးစွဲမှာ ဖြစ်ပြီးတော့ စီမံကိန်း အတွက် လိုအပ်တဲ့ software နဲ့ Hardware တွေ ဝယ်ယူရာမှာလဲ တချို့ တဝက်သုံးစွဲသွားဖို့ ရှိတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါပေမယ့် ဒီအဖွဲ့ရဲ့ မူရင်းရည်ရွယ်ချက်ကတော့ အများထင်နေသလို ပြည်တွင်းက လူတွေကို ရည်ရွယ်တာ မဟုတ်ပဲ နိုင်ငံခြား တိုင်းပြည်တွေက မြန်မာပြည်ကို အနှောက်အယှက်ပေးနိုင်တဲ့ လူမှုကွန်ယက်နဲ့ ပတ်သတ်တဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ကာကွယ်စောင့်ကြည့်သွားဖို့ပဲ ဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က မေလ ၂၁ ရက်နေ့က လုပ်တဲ့ နိုင်ငံတော် အစိုးရရဲ့ ပြည်သူအတွက် ဒုတိယ တနှစ်တာကာလအတွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီလို စောင့်ကြည့်ဖို့အတွက် ဥရောပကောင်စီက ပေးထားတဲ့ ဆိုင်ဘာဥပဒေကို အခြေခံပြီး ရေးဆွဲသွားမှာဖြစ်ပြီးတော့ ဒီဥပဒေရေးဆွဲဖို့လည်း နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်ကိုလည်း ဖိတ်ခေါ်ထားတယ်လို့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဥပဒေ ရေးဆွဲနေတယ် ဆိုပေမယ့် အခုလက်ရှိ အရပ်ဖက်လူမှု အဖွဲ့အစည်းက လှုပ်ရှားသူတွေကို တိုက်ခိုက်တာတွေ အမုန်းစကားနဲ့ သွေးထိုးလှုံ့ဆော်မှု လုပ်နေတာတွေက ပြည်တွင်းက လူတွေသာ ဖြစ်တယ်လို့ လူမှုကွန်ယက် ၊ ဆိုရှယ် မီဒီယာပေါ်က အမုန်းစကားတွေကို စောင့်ကြည့်လေ့လာနေတဲ့ Burma Monitor အဖွဲ့က ကိုမြတ်သူက ဆိုပါတယ်။

ဒီအမုန်းစကားတွေ သတင်းတုတွေကို လူတွေ ယုံကြည်နေတာဟာ ပြည်သူတွေက သတင်းတွေကို ဆန်းစစ် လေ့လာမှု အားနည်းနေလို့ဖြစ်ပြီးတော့ ဒီအတွက် အစိုးရအနေနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေနဲ့ လွတ်လပ်စွာ ပြောဆို ဝေဖန်ခွင့်ကို မထိခိုက်တဲ့ ကိုင်တွယ်ဖြေရှင်းနည်းတွေနဲ့သာ အဖြေ ရှာသင့်တယ်လို့ ကိုမြတ်သူက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ ကလည်း မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ရဲ့ စီမံခန့်ခွဲ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်တော့မှာ ဖြစ်ပြီး တကယ်လက်တွေ့မှာ မူဝါဒ ပိုင်း ဆိုင်ရာ ပိုမို ချမှတ်လုပ်ဆောင်ဖို့ လိုနေပြီလို့ ကုမ္ပဏီရဲ့ နည်းပညာ ဆိုင်ရာ အကြီးအကဲ Mike Schroepfer က ဗြိတိသျှ ပါလီမန်မှာ ပြီးခဲ့တဲ့ ဧပြီလကပြော ကြား ခဲ့ပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ တည်ထောင်သူ မာ့ခ် ဇူကာဘတ်ခ် ကလည်း ဆီးနိတ် လွတ်တော် ကြားနာပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုပ်ဆောင် နေတာ ၃ မျိုး ရှိကြောင်း ၊ မြန်မာ စကားပြောဆို နားလည်တဲ့ စောင့်ကြည်သူတွေ ကို ဒါဇင်နဲ့ ချီပြီး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထပ်မံ ငှားရမ်း အလုပ်ခန့် နေကြောင်း ၊ ဒုတိယ တစ်ချက်ကတော့ အမုန်း တရား ဖြန့်ချီသူတွေဟာ ဘယ်သူတွေလည်း ဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံထဲက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်းနဲ့ တတိယ တစ်ချက် ကတော့ မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့ အနာဂတ်မှာလည်း ဒီလို ကိစ္စမျိုးတွေကို တင်ကြို ဟန့်တားနိုင်တဲ့ နည်းပညာ ဆိုင်ရာ ပြင်ဆင် ပြောင်းလဲဖို့ လုပ်ဆောင် နေတယ်" ဆိုပြီး ဖေ့စ်ဘွတ်ခ်ပိုင်ရှင်က ဧပြီလဆန်းတုန်းက ပြောသွားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ